ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 



နေပြည်တော် ဩဂုတ် ၂၆


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက မိမိတို့ နှစ်နိုင်ငံသည် တရားဝင်သံတမန် ဆက်ဆံရေးကို ၁၉၇၅ ခုနှစ် မေလမှစ၍ ထူထောင်ခဲ့ကြသဖြင့် ယခုဆိုလျှင် (၅၁)နှစ်ထဲသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာဖြင့် ကာလရှည်ကြာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် မိတ်ဆွေ နိုင်ငံများဖြစ်ကြပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့် ယဉ်ကျေးမှုစသည့် ကဏ္ဍများတွင်လည်း ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အထောက်အပံ့ပြုသည့် Doi Moi Plan (2.0) နှင့်ပတ်သက်၍လည်း ထဲထဲဝင်ဝင် လေ့လာလိုပါကြောင်း၊ ထို့အပြင် ဗီယက်နမ်အမျိုးသား လွှတ်တော်နှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် နှစ်ရပ်အကြား လွှတ်တော်အချင်းချင်း ထိတွေ့ ဆက်ဆံရေး၊ လွှတ်တော်ကော်မတီ ချင်းဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံပါလီမန်များ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (AIPO )စတင် ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့ပြီး ယခုအာဆီယံ ပါလီမန်များ ညီလာခံ (AIPA ) တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိပါကြောင်း၊ အလားတူပင် နိုင်ငံ တကာ ပါလီမန်များအဖွဲ့(IPU) တွင်လည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာမျက်နှာစာနှင့် အာဆီယံ ပါလီမန်များညီလာခံ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့တွင် ဗီယက်နမ် အမျိုးသားလွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီသည် နိုင်ငံပေါင်းများစွာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်ကို သိရှိပါကြောင်း၊ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့်လည်း ဗီယက်နမ် ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။


ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးက မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် သံတမန် ဆက်ဆံရေးသည် ကြာမြင့်သည့် ကာလတစ်ခုသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ သံတမန်ဆက်ဆံရေး ကြာမြင့်လာသည်နှင့်အမျှ အစိုးရ အချင်းချင်း၊ ပြည်သူအချင်းချင်း၊ လွှတ်တော် အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးရန် ဆက်လက် ကြိုးပမ်းမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစား လိုက်နာကာ ဆယ်စုနှစ်များစွာ လက်တွဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများကိုလည်း နားလည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အစိုးရနှင့် လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက် လာမှုအပေါ် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခက်အခဲများစွာကို ဖြတ်ကျော်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် အစီအမံများကိုလည်း မျှဝေသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ဗီယက်နမ် နိုင်ငံသားများကိုလည်း ကူညီစောင့်ရှောက်စေလိုပါကြောင်း၊ ထို့အပြင် လွှတ်တော်ချင်းချစ်ကြည် ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းပြီး လူငယ်၊ အမျိုးသမီး၊ နည်းပညာ စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဗီယက်နမ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌမှလည်း အဆွေတော်ကို နှုတ်ခွန်းဆက်သ သည်ကို အသိပေးလိုပါကြောင်း၊ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း နောင်တွင် ဖိတ်ကြားတွေ့ဆုံသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ နိုင်ငံအပေါ် အစဉ်အမြဲထောက်ခံ သွားမည်ဖြစ်ပြီး အာဆီယံပါလီမန်များ ညီလာခံနှင့် နိုင်ငံတကာ ပါလီမန်များ အဖွဲ့တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။


တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်မြင့်သန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့် ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


သတင်းစဉ်

No comments

Powered by Blogger.