တိုင်ဖွန်းဒေါ်လ်ဖင် မီနာမီဒိုင်တိုကျွန်းအနီး ရွေ့လျား၊ ဂျပန်တောင်ပိုင်းတွင် မိုးလေပြင်းထန်နိုင်
တိုကျို ဩဂုတ် ၆
ဂျပန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တိုင်ဖွန်းဒေါ်လ်ဖင်သည် ဩဂုတ် ၆ ရက် မွန်းလွဲ ၂ နာရီ တွင် မီနာမီဒိုင်တိုကျွန်း၏ အရှေ့-အရှေ့မြောက်ဘက် ၁၈၀ ကီလိုမီတာအကွာ၌ တည်ရှိနေပြီး တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့်
အနောက်ဘက်သို့ ရွေ့လျားနေကြောင်း သိရသည်။
အဆိုပါတိုင်ဖွန်းမုန်တိုင်း၏
ဗဟိုလေဖိအားမှာ ၉၅၀ ဟက်တိုပါစကယ်ရှိပြီး မုန်တိုင်းဗဟိုအနီးတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၅ ကီလိုမီတာခန့်ရှိကာ
ရုတ်တရက်တိုက်ခတ်သော လေပြင်းမှာ တစ်နာရီလျှင် ၂၁၅ ကီလိုမီတာခန့်အထိ
ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းသည်
ဂျပန်နိုင်ငံတောင်ပိုင်းရှိ အိုကီနာဝါနှင့်
အမာမီကျွန်းစုဒေသ များသို့ ချဉ်းကပ်လာနိုင်သဖြင့်
ဒေသခံများအနေဖြင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများအတွက် အထူးသတိပြုနေထိုင်ရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ထို့ပြင် ဩဂုတ် ၇ ရက်တွင်
အိုကီနာဝါ၊ အမာမီနှင့် ကျူရှုတောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း
ဂျပန်မိုးလေဝသဌာနက သတိပေးထားသည်။
အင်န်အိတ်ချ်ကေ

No comments