ပနားမား၌ အယ်လ်နီညိုသက်ရောက်မှုများအတွက် တစ်နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ
ပနားမားစီးတီး ဩဂုတ် ၂၆
အယ်လ်နီညို
(El Nino) ရာသီဥတုဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရိုက်ခတ်မှုများ၊
မိုးခေါင်ရေရှားမှုနှင့် ရေကြီးရေလျှံမှုတို့အပြင် ပနားမားတူးမြောင်း ရေကြောင်းပို့ဆောင်ရေး၊
စိုက်ပျိုးရေးနှင့် စွမ်းအင်ထောက်ပံ့မှုတို့အပေါ် သက်ရောက်နိုင်မှုများကို အကြောင်းပြု၍
ပနားမားအစိုးရက ဩဂုတ် ၂၅ ရက်တွင် တစ်နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပနားမားမိုးလေဝသနှင့်
ဇလဗေဒအဖွဲ့အစည်း (IMHPA) ၏ ခန့်မှန်းချက်အရ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည်
ယခုနှစ် အောက်တိုဘာလမှ လာမည့်နှစ် မတ်လအထိ ပိုမိုအားကောင်းလာနိုင်ပြီး အချို့ဒေသများတွင်
မိုးရေချိန် ပုံမှန်အောက်လျော့နည်းနိုင်ကြောင်း၊ ၎င်း၏ရိုက်ခတ်မှုများမှာ မေလအထိ ဆက်လက်ရှိနေနိုင်ကြောင်း ဖော်ပြထားသည်။
အပူချိန်မြင့်မားခြင်းနှင့်
မိုးရေချိန်လျော့နည်းခြင်းတို့က ရေအရင်းအမြစ် ပြတ်လပ်မှုများကိုဖြစ်စေကာ စိုက်ပျိုး ရေးထုတ်လုပ်မှုများကို
ထိခိုက်စေနိုင်ကြောင်း သိရသည်။ ထို့ပြင် မိုးခေါင်ရေရှားမှုကြောင့် မြစ်များ၊ အင်းအိုင်များ၊ရေလှောင်တမံများတွင် ရေမျက်နှာပြင် နိမ့်ကျသွားနိုင်ပြီး
ပနားမားတူးမြောင်းကို ဖြတ်သန်းသွားမည့် သင်္ဘောများအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုကိုလည်း ထိခိုက်စေနိုင်ကြောင်း အစိုးရက သတိပေးထားသည်။
အယ်လ်နီညိုကြောင့် ယခုနှစ်
ဇန်နဝါရီလမှစတင်ကာ နိုင်ငံတစ်ဝန်း လူပေါင်း ၁၀၀၀၀ ကျော် ထိခိုက်ခံစားခဲ့ကြ ရကြောင်း
ပနားမားအရပ်ဘက်ကာကွယ်ရေးစနစ် ညွှန်ကြားရေးမှူးချုပ် အိုမာစမစ်က ပြောကြားသည်။
ဆင်ဟွာ

No comments