တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဒေသခံပြည်သူ ၈၀၀ အား သက်မွေးပညာများ သင်ကြားပေးနိုင်ခဲ့



တောင်ကြီး သြဂုတ် ၂၅


တောင်ကြီးမြို့နယ် အေးသာယာမြို့ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ စတင်ဖွင့်လှစ်ချိန်မှစ၍ ယနေ့အချိန်အထိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် သက်မွေးပညာသင်တန်းများ ၂၂ ကြိမ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ၁၈ ကြိမ် စုစုပေါင်းသင်တန်းအကြိမ် ၄၀ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၈၀၀ အား သက်မွေးပညာများ သင်ကြားပေးနိုင်ခဲ့ပြီဖြစ်သည်။


အလားတူ ယနေ့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၆)နှင့် တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၆)သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်ကြားရရှိခဲ့သည့် သက်မွေးပညာရပ်များကို အကျိုးရှိရှိအသုံးပြု၍ နေ့စဉ်ဝင်ငွေရရှိရန်နှင့် အကျိုးအမြတ်ရရှိနိုင်သည့် တစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်အောင် ကြိုးစားကြရန် ပြောကြားကာ ကွန်ပျူတာသင်တန်းနှင့် တိုင်းရင်းသားရိုးရာ စက်ချုပ်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။


အဆိုပါသင်တန်းကို သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၂၀ စီ တက်ရောက်ခဲ့ကာ နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်သည်။


ယမန်နေ့ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ လှိုင်ဘုံသာရပ်ကွက်ရှိ ဥစားကြက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.