မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အရိပ်မထွက်ဘုရားနှင့် သစ္စာနန္ဒီဘုရားနီဆုတောင်းပြည့်မြတ်စွာဘုရား ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်



မန္တလေး ဩဂုတ် ၂၃


မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အောင်မြေသာစံမြို့နယ်ရှိ အရိပ်မထွက်ဘုရား စေတီတော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၁၈ ရာခိုင်နှုန်းခန့် ပြီးစီးပြီး ၂၀၂၇ ခုနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဟု ခန့်မှန်းထားသည်။


အလားတူ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သစ္စာနန္ဒီဘုရားနီဆုတောင်းပြည့် မြတ်စွာဘုရား အထက်ပစ္စယံ ငြမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဘုရားနီဘုရားသည် အမရပူရ လက်ရာဖြစ်သည့်အတွက် အတွင်းနှစ်ထပ် မူလစေတီကို ဖူးမြော်ကြည်ညိုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် သည်။


ထိုသို့ပြုပြင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်း က သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ကြည့်ရှုအားပေးပြီး ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းလက်ရာများ ထိခိုက်မှုမရှိအောင် ပြုပြင်ထိန်းသိမ်းရန်၊ သာသနိက အဆောက်အအုံများ ဆောက်လုပ်ရာတွင် စေတီတော်ကြီး မြင်ကွင်းမကွယ်အောင်စီစဉ်ရန်နှင့် ဘုရားဖူး ပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေး ဆောင်ရွက်ရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်သာသနာ့ဗိမာန်တော်၌ ဆဋ္ဌသင်္ဂါ ယနာတင် ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသော ဗုဒ္ဓဝါဆိုစဉ် စာအလင်္ကာများ၊ ဓမ္မစကြာ မဟာဋီကာသစ် ကျမ်းကြီးစာအုပ်များအား ပရိယတ္တိ စာသင်တိုက်ကြီးများသို့ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားသည်။


ထို့နောက် ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာ စာမူကျမ်းစာအုပ်များ၊ ရှေးစာဆိုများ၏ ဗုဒ္ဓဝါဆိုစဉ် စာအလင်္ကာများနှင့် ဓမ္မဓကြာ မဟာဋီကာသစ်ကျမ်း ကြီးစာအုပ်များကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ရွှေဘုန်းရံသီကျောင်းတိုက်ဆရာတော် အမှူးပြုသော စာသင်တိုက်ကြီးများမှ ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာ ရေစက်သွန်းချတရား နာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆွမ်းဦးပုညရှင် စေတီတော် ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.