တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးH.E Lieutenant General(Ret.) Adul Boonthamcharoen အားတွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် -၁၉
(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting ) ကို တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး H.E Lieutenant General(Ret.) Adul Boonthamcharoen အား ကာကွယ်ရေးဝန်ကြီးဌာနရုံး ဧည်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းကာကွယ်ရေး ဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင်နှင့် ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် ဧည့်ခန်းမတွင် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးအား တွေ့ဆုံ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ဆောင်နေသူများနှင့် ပါဝင် ပတ်သက်နေသူများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ - ထိုင်း - လာအို ၃ နိုင်ငံသဘောတူတားသည့် မီးခိုးမြူငွေ့ကင်းစင်သော ကောင်းကင်ဖြစ်စေရေး သုံးနိုင်ငံပူးတွဲလုပ်ငန်းစီမံချက် (Joint plan Of Action-Clear Sky Strategy)(၂၀၂၄-၂၀၃၀) အောက်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ တောမီးလောင်ကျွမ်းမှု လေ့လာစောင့်ကြည့်ရေးအတွက် လိုအပ်သည်များ ကူညီပေးအပ်ခဲ့မှုနှင့် သင်တန်းများ ပို့ချပေးခဲ့မှုတို့အတွက် ကျေးဇူးတင်ရှိမှု၊ နယ်စပ်ဖြတ်ကျော် ရေအရည်အသွေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှုများနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက် အလက်များဖလှယ်ရေးတို့တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ အကြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံကာကွယ်ရေး ဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန် ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments