M-League ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်ကို ရန်ကုန်စီးတီး သရေကစားပြီး ရန်ကုန်ယူနိုက်တက် နောက်ကျဂိုးများဖြင့် အနိုင်ရ

 


ရန်ကုန်   ဩဂုတ်   ၃၀

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာလိဂ်က ကြီးမှူး၍ Grand Royal AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုး ကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ် () နောက်ဆုံးနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာ  လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို  ရန်ကုန်စီးတီးအသင်း သရေကစားပြီး ရန်ကုန်ယူနိုက်တက်အသင်း နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့သည်။

ပဒေသာကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းနှင့်  ရှမ်းယူနိုက်တက်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ လက်ရှိချန်ပီယံ  ရှမ်းယူနိုက်တက်အသင်းသည် နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ဒုတိယပိုင်းတွင် ချေပဂိုးများပြန်ပေးရကာ ရာသီအစအဖွင့်ပွဲတွင် သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည်။ တန်းတက်အသင်းဖြစ်သော်လည်း လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားများ၊ နိုင်ငံခြားသားကစားသမားများ ခေါ်ယူထားသည့် ရန်ကုန်စီးတီးအသင်းသည်  တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာကွင်းကို အိမ်ကွင်းအဖြစ် လက်ခံကစားပြီး ပထမဆုံးပွဲတွင် အသင်းကြီး ရှမ်းယူနိုက်တက်အသင်းထံမှ   အမှတ်ခွဲယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြိုကွင်းဖွင့်ပွဲကစားခဲ့သည့်  ပွဲထွက်လူစာရင်းမှ  ကစားသမားအများစုဖြင့်  ပွဲထွက်လာပြီး  ရန်ကုန်စီးတီးအသင်းမှာလည်း နိုင်ငံခြားသားကစားသမားငါးဦးကို ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊  ခွန်ကျော်ဇင်ဟိန်းတို့ဖြင့်  တွဲဖက်အသုံးပြုခဲ့သည်။  ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားကာ ၁၅ မိနစ်တွင် ကွင်းလယ်ကစားသမား မိုဝူဆူ၏ အဝေးကန်ချက်ဖြင့် ရှမ်းယူနိုက်တက်အသင်း  အဖွင့်ဂိုးရခဲ့ပြီး   ပထမပိုင်း ပြီးခါနီးတွင်  ရန်ကုန်စီးတီးနောက်ခံလူ ဟာယူကီ ဘောလုံးဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ပထမပိုင်းအပြီးတွင်  ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုးပြတ်ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ရန်ကုန်စီးတီးအသင်းက  ချေပဂိုးရရန်  ကစားသမားများ ပြောင်းလဲကာ   တိုက်စစ်မြှင့်ခဲ့ပြီး    ၆၅ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် အောင်ကောင်းမာန်က ခေါင်းတိုက်သွင်းသဖြင့် ပထမချေပဂိုးရခဲ့သည်။ ၆၁ မိနစ်တွင် ရှမ်းယူနိုက်တက် ကွင်းလယ်ကစားသမား ကျော်မင်းဦး၊ ၆၆ မိနစ်တွင် ရန်ကုန်စီးတီးတိုက်စစ်မှူး အောင်ကောင်းမာန်တို့ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။  ရှမ်းယူနိုက်တက်အသင်းသည် လက်ကျန်မိနစ်များတွင်  အနိုင်ရလဒ်   ထိန်းကစားနိုင်ရန် ကြိုးပမ်းသော်လည်း ၉၀+ ၄ မိနစ်တွင် ရန်ကုန် စီးတီးအသင်း ဒုတိယချေပဂိုးရခဲ့ပြီး တာဆူချီယာက သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်စီးတီးကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိသည်။

YUSC  ကွင်း၌  ကျင်းပသည့်ပွဲတွင်   ရန်ကုန်ယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရန်ကုန်ယူနိုက် တက်အသင်းသည် နောက်ကျဂိုးများဖြင့် အဖွင့်ပွဲ အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး  အနိုင်ဂိုးများကို ၈၆ မိနစ်တွင် မောင်မောင်လွင်၊ ၉၀+၄ မိနစ်တွင် မူစတာဖာက သွင်းယူသည်။  ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်ကစားသမား မောင်မောင်လွင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေး ငွေကျပ် ၁၀ သိန်းရရှိသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်

No comments

Powered by Blogger.