ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ





နေပြည်တော်၊ ဩဂုတ် - ၁၉


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် တည်းခိုရာဟိုတယ်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီးများ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။


ထိုသို့တွေ့ဆုံရာတွင် ရုရှားအာကာသစနစ်များကုမ္ပဏီ (RSS) နှင့် မြန်မာအာကာသ အေဂျင်စီတို့အကြား ကမ္ဘာမြေစောင့်ကြည့် လေ့လာရေး (ERS) ဂြိုဟ်တုဓာတ်ပုံဖမ်းယူရေး သဘောတူ စာချုပ် ချုပ်ဆိုပြီးစီးမှုနှင့် ဒေတာများဖမ်းယူလျက်ရှိမှု၊ အာကာသအေဂျင်စီ နှစ်ခုအကြား တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ရုရှား-မြန်မာနှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများထဲမှ ကြီးမားသည့် အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်စေမှု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့မှုနှင့် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း မြန်မာအာကာသအေဂျင်စီနှင့် ROSCOSMOS တို့အကြား အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ် ရေးစနစ် (COSPAS-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှု စနစ်တိုင်းတာရေးစခန်း (One Way Station)နှင့် ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS) တို့ကို လက်တွေ့ပူးပေါင်း အကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊ စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံမှ အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြု ကာကွယ်‌ရေးစနစ် (COPAD-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေးစခန်း (One Way Station)၊ ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက် သတိပေးစနစ် (ASPOS)၊ Rassvet အနိမ့်ပျံ ဆက်သွယ်ရေးဂြိုဟ်တုစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ နာနိုဂြိုဟ်တု တည်ဆောက်လွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမက ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား အာကာသကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တငဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်ရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.