UMTA နှင့် Visit Indochina တို့ မြန်မာ – ဗီယက်နမ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည်

 


ရန်ကုန် ဩဂုတ် ၂၅

 

Union of Myanmar Travel Association (UMTA) နှင့် Visit Indochina တို့ ပူးပေါင်းစီစဉ်သည့် Da Nang–Hue–Hoi An ၅ ရက် ၄ ည Famtrip ခရီးစဉ်အတွင်း မြန်မာဗီယက်နမ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်၍ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း UMTA မှ သိရသည်။

 

အဆိုပါ Famtrip ခရီးစဉ်ကို ဩဂုတ် ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး UMTA အသင်းဝင် ကုမ္ပဏီ ၅၈ ခုမှ ခရီးသွားလုပ်ငန်းရှင် ၆၁ ဦး ပါဝင်ကြသည်။ ခရီးစဉ်အတွင်း B2B Mini Workshop ကိုလည်း ကျင်းပခဲ့ပြီး UMTA၊ မြန်မာခရီးသွားအေဂျင်စီများ၊ Visit Indochina နှင့် ဗီယက်နမ်နိုင်ငံဘက်မှ သက်ဆိုင်ရာ Tourism Authorities နှင့် ခရီးသွား လုပ်ငန်းမိတ်ဖက်များ ပါဝင်ဆွေးနွေးသည်။

 

အဆိုပါ B2B Mini Workshop တွင် ခရီးသွား စျေးကွက်အခြေအနေများ၊ မြန်မာခရီးသွား ဧည့်သည်များ၏ လိုအပ်ချက်များနှင့် နှစ်နိုင်ငံခရီးသွား လုပ်ငန်းရှင်များအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

 

ထို့ပြင် ရှေ့ဆက်၍ Famtrip ခရီးစဉ်များ၊ B2B တွေ့ဆုံဆွေးနွေးမှုများနှင့် လုပ်ငန်းကွန်ရက် ချိတ်ဆက်မှုများကို ဆက်လက်မြှင့်တင်ကာ နှစ်နိုင်ငံခရီးသွား လုပ်ငန်းရှင်များအကြား စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုဖန်တီးသွားရန် UMTA နှင့် Visit Indochina တို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားကြောင်း သိရသည်။

MT

No comments

Powered by Blogger.