စက်တင်ဘာ ၁ ရက်မှစ၍ ဝိုင်ဘီအက်စ်ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့်ကြေညာချက်အား YRTC ပြန်လည်ပယ်ဖျက်
ရန်ကုန် သြဂုတ်
၁၆
ယာဉ်ပြင်ဆင်ထိန်းသိမ်းစရိတ်
ကြီးမြင့်လာခြင်းကြောင့် ဝိုင်ဘီအက်စ် ယာဉ်စီးခနှုန်းထားများကို စက်တင်ဘာ ၁ ရက်မှစတင်၍
တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အား
ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ
(YRTC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
“၂၀၂၆ ခုနှစ် သြဂုတ်
၁၄ ရက်တွင် ဝိုင်ဘီအက်စ် ခရီးသည်တင်ယာဉ်စီးခကို စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးမြှင့်ရန်ကြေညာခြင်းအား
သြဂုတ် ၁၆ ရက်မှ ပြန်လည်ပယ်ဖျက်လိုက်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် ကြေညာအပ်ပါသည်”
ဟု YRTC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
သြဂုတ် ၁၄ ရက် မွန်းလွဲ
၃ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ YRTC ရုံးချုပ်၌ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင်
လာမည့်စက်တင်ဘာ ၁ ရက်မှစတင်၍ ဝိုင်ဘီအက်စ်ယာဉ်စီးခ နှုန်းထားများအား လက်ရှိ ကျပ် ၂၀၀
ကောက်ခံမှုအစား ငွေကျပ် ၃၀၀ သို့လည်းကောင်း၊ လက်ရှိ ငွေကျပ် ၄၀၀ ကောက်ခံမှုအစား ငွေကျပ်
၆၀၀ သို့လည်းကောင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း၊ YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ
တစ်ပြိုင်တည်း ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်း YRTC က ထုတ်ပြန်ကြေညာခဲ့ပြီးနောက်
ယခုလိုထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်က ပြည်သူ့အသံနားထောင်ပြီးတော့
ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်၊ အခက်အခဲမရှိအောင်လို့ ယာဉ်စီးခတိုးကောက် မယ့်အစီအစဉ်ကို
ပြန်လည်ပယ်ဖျက်ခိုင်းတာ ဖြစ်ပါတယ်” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ဝိုင်ဘီအက်စ်ယာဉ်စီးခနှုန်းထားများမှာ
ရန်ကုန်မြို့တွင်း (Downtown) ဧရိယာအတွင်း ငွေကျပ် ၂၀၀၊ အခြားရန်ကုန်မြို့ပြင်နှင့်
ဆင်ခြေဖုံးဒေသ ငွေကျပ် ၄၀၀ နှုန်းဖြင့် ၂၀၂၁ ခုနှစ်မှ လက်ရှိကာလအထိ ကောက်ခံလျက်ရှိကြောင်း၊
YRTC ၏ ကြီးကြပ်မှုအောက်တွင် ဝိုင်ဘီ အက်စ်ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ စာရင်းရှိ ယာဉ်လိုင်း
၁၄၅ လိုင်း၊ စာရင်းရှိယာဉ်စီးရေ ၅၃၉၉ စီးရှိပြီး နေ့စဉ်ပြေးဆွဲယာဉ်လိုင်း ၁၃၄ လိုင်း၊
ယာဉ်စီးရေ ၃၃၀၀ ခန့်ဖြင့် ခရီးသည် ၁ ဒသမ ၈ သန်းခန့်ကို သယ်ယူ ပို့ဆောင်ပေးလျက်ရှိကြောင်း
သိရသည်။
ကိုထက်

No comments