AFC Challenge League ခြေစစ်ပွဲ ရန်ကုန်ယူနိုက်တက်နှင့် လာအိုကလပ် Ezra အသင်းတို့ ယှဉ်ပြိုင်မည်
ရန်ကုန် စက်တင်ဘာ ၇
အာရှဘောလုံးအဖွဲ့ချုပ်က
ကြီးမှူးကျင်းပမည့် ၂၀၂၆-၂၀၂၇ ရာသီ AFC
Challenge League ခြေစစ်ပွဲ အရှေ့အာရှဇုန် အဖြစ် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့်
လာအိုကလပ် Ezra အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့်
လာအိုကလပ် Ezra အသင်းပွဲစဉ်ကို စက်တင်ဘာ ၈ ရက် ညနေ ၄
နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
ယင်းပွဲကို မူလက လာအိုနိုင်ငံ၌ကစားရမည်ဖြစ်သော်လည်း
အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်းမရှိသဖြင့် ရန်ကုန် ယူနိုက်တက်အသင်းက အိမ်ရှင်အဖြစ်
ပြောင်းလဲလက်ခံကျင်းပခြင်းဖြစ်သည်။ ခြေစစ်ပွဲကို တစ်ကျော့တည်းသာ ကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့်အသင်းသည် နောက်ဆုံးအဆင့်
အရှေ့အာရှဇုန် အုပ်စု(D)သို့ ကျရောက်မည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယင်းပြိုင်ပွဲတွင်
နှစ်ကြိမ်ဆက်တိုက် ခြေစစ်ပွဲအဆင့်မှ
စတင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင်လည်း လာအိုကလပ် Ezra အသင်းနှင့် တွေ့ဆုံကာ ပင်နယ်တီအဆုံးအဖြတ်ဖြင့်
အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းသည် ရှုံးကြွေးပြန်ဆပ်ပြီး ခြေစစ်ပွဲအောင်မြင်ရန်
ကြိုးပမ်းရမည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အင်ဒိုနီးရှားကလပ်
ဘော်နီယိုအသင်း၊ ဖိလစ်ပိုင်ကလပ် One Taguig အသင်း၊ တရုတ်တိုင်ပေကလပ်
တိုင်နန်စီးတီးအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်မည်ဖြစ်သည်။
ယင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို
စက်တင်ဘာ ၇ ရက်က ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်နှင့် အသင်းခေါင်းဆောင်တို့ တက်ရောက်သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် မာဆယ်လိုက “မနှစ်ကပွဲကို
ကျွန်တော်ကြည့်ခဲ့တယ်။ အခုက နည်းပြရော
ကစားသမားတွေပါ အပြောင်းအလဲတွေဖြစ်သွားပြီ။ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။
ကျွန်တော်တို့ အနိုင်ရအောင်ကစားသွားမယ်”ဟု ပြောကြားသည်။ လာအိုကလပ်
Ezra အသင်းနည်းပြချုပ် လီယက်ဗီဆိုင်းက “ကစားသမားတွေကလည်း
မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ရာသီကြိုခြေစမ်းပွဲတွေမှာ နည်းစနစ်ပိုင်းကို
အဓိကထားပြီးပြင်ဆင်ခဲ့ပါတယ်။ ခြေစမ်းပွဲနဲ့ ပြိုင်ပွဲက မတူညီပေမယ့်လည်း အကောင်းဆုံးကစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
လာအိုကလပ်
Ezra အသင်းသည် စက်တင်ဘာဒုတိယပတ်အတွင်း မြန်မာကလပ်အသင်းများနှင့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခု၏ ခြေစစ်ပွဲများကစားရမည်ဖြစ်ပြီး
စက်တင်ဘာ ၁၁၊ ၁၄ ရက်တွင် မြန်မာကလပ်ရှမ်းယူနိုက်တက်အသင်းနှင့် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ
ခြေစစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
သတင်း
- ချစ်ကိုကို
ဓာတ်ပုံ
- ML

No comments