အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
နေပြည်တော် စက်တင်ဘာ ၇
“Clean Air for Climate Action” “ရာသီဥတု ကောင်းမွန်ဖို့ သန့်ရှင်းသောလေဖန်တီးစို့” ဆောင်ပုဒ် ဖြင့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးချုပ်၌ ကျင်းပသည်။
အလေးထားဆောင်ရွက်
အခမ်းအနားတွင် သန့်ရှင်းသောလေထုအတွက် ကြိုးပမ်းဆောင်ရွက်မှုသည် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ပေးခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆုံးရှုံးမှုများ ကို လျှော့ချပေးနိုင်ခြင်းတို့အတွက် အကျိုးရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ Fire Hotspot လျှော့ချရေး၊ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် လေထုအရည်အသွေး ပိုမိုကောင်းမွန်လာစေရေး တို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံး ပတ်ဝန်းကျင်လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာပြီး အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပြောကြားပြီး အခမ်းအနားတွင် ပြသထားသောပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့ပြင် ကျောက်မျက်ရတနာသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲသို့တက်ရောက်၍ ပြည်ထောင်စု ဝန်ကြီးက ကျောက်မျက်ရတနာသင်တန်းကျောင်း ကို ၂၀၁၇ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အမှတ်စဉ် (၁)မှ(၅)အထိ သင်တန်းသား ၄၅၉ ဦးအား စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ် ကြောင်း၊ အမှတ်စဉ်(၆)သင်တန်းသို့ သင်တန်းသား ၅၀ တက်ရောက်မည်ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ကျောက်မျက်ရတနာထုတ်လုပ်မှု လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချနိုင်ရန်နှင့် မြန်မာ့ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာများကို နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားဆောင်ရွက်သွားရန် ပြောကြားပြီး သင်တန်းသားများအား စာတွေ့၊ လက်တွေ့သင်ကြားပေးမည့် သင်ကြားရေးအထောက်အကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments