(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာ ပစ္စည်းများပြပွဲ(၂၀၂၆)သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ကာဇန် စက်တင်ဘာ ၇
ရုရှားနိုင်ငံ ကာဇန်မြို့တွင် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာ ပစ္စည်းများပြပွဲ (၂၀၂၆) သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း ပြပွဲ ကျင်းပသည့် Kanzan Expo Building ရှိ Bilateral Meeting Room ၌ ပြည်ထောင်စုဝန်ကြီး သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြကာကွယ်ရေး၊ အရေးပေါ် အခြေအနေနှင့် သဘာဝဘေး အန္တရာယ်လျှော့ချရေး ဝန်ကြီးဌာန (Ministry of Civil Defence, Emergency and Ellimination of Natural Disaster – EMERCOM) ဝန်ကြီး Mr. Alexander Kurankov နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ လက်တွေ့ကြုံတွေ့နေရသော ပြည်သူ့လုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝနှင့်လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များတွင် ပါဝင်ဆောင်ရွက်နေရသော အဆင့်ဆင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်ရေးဆိုင်ရာ လေ့ကျင့်ပေးနေမှု၊ ဝန်ကြီးဌာန နှစ်ခုအကြား ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် နားလည်မှုစာချွန်လွှာ ရေးထိုးမှု လုပ်ငန်းစဉ်ဆိုင်ရာများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကဏ္ဍများ အလိုက် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်မှုတို့ကို ဆွေးနွေးကြသည်။
အဆိုပါပြပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေးဝန်ကြီးဌာနက ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် မီးငြှိမ်းသတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ယာဉ်များ၊ ယန္တရားများ၊ ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်/ ဖြန့်ဖြူး/ရောင်းချသည့် ကုမ္ပဏီများ၊ သင်တန်းကျောင်းများက ပါဝင်ခင်းကျင်းပြသကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ပြပွဲတွင် ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်နှင့် အခြား လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများ အတွက် စွမ်းဆောင်ရည်မြှင့်တင် ခြင်းဆိုင်ရာ သင်တန်းကျောင်းများ၊ တက္ကသိုလ်များနှင့် လေ့ကျင့် သင်ကြားပေးနေမှုများ၊ ကာဇန်မြို့တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းကျောင်း ဆောက်လုပ်ပြီးစီးမှုနှင့် ဖွင့်လှစ် သင်ကြားမည့် အစီအမံများ၊ ကာဇန်မြို့ ရေဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြကာကွယ်ရေး၊ အရေးပေါ် အခြေအနေနှင့် သဘာဝဘေး အန္တရာယ်လျှော့ချရေးဝန်ကြီးဌာန ဝန်ကြီး Mr. Alexander Kurankov နှင့် ကာဇန်မြို့တော်ဝန်တို့က ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းရပ်များ ရှင်းလင်း ပြောကြားမှု အစီအစဉ်နှင့် ကြိုဆို နှုတ်ခွန်းဆက် ညစာစားပွဲကိုလည်း ပါဝင်တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments