AFC Challenge League ခြေစစ်ပွဲတွင် လာအိုကလပ်ကို အနိုင်ယူပြီး ရန်ကုန်ယူနိုက်တက်အသင်း ခြေစစ်ပွဲအောင်မြင်

 


ရန်ကုန်  စက်တင်ဘာ  ၈

 

၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အရှေ့အာရှဇုန် ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်းတို့ စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

 

ခြေစစ်ပွဲအောင်မြင်

ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် လာအိုကလပ်ကို အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်ပြီး အာရှအဆင့် ကလပ်ပြိုင်ပွဲတွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ကာလအတန်ကြာ ပြည်ပကလပ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ရခြင်းမရှိသည့် အစဉ်အလာဆိုးကို ရပ်တန့်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့်ရာသီ AFC Challenge League ခြေစစ်ပွဲတွင် လာအိုကလပ် Ezra အသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲမအောင်မြင်ခဲ့သည့် ရှုံးကြွေးကို ယခုပွဲတွင် ပြန်ဆပ်နိုင်ခဲ့သည်။

 

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည်တွင်းလိဂ်ပွဲတွင် အသုံးပြုခဲ့သည့် ကစားသမားအများစုဖြင့် ဆက်လက်ပွဲထွက်လာပြီး ဒေးဗစ်ထန်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ဇော်ဝင်းသိန်းစသည့် ပြည်တွင်းကစားသမားများကို နိုင်ငံခြားသားကစားသမားများနှင့် တွဲဖက်အသုံးပြုခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပိုဖိကစားနိုင်သော်လည်း တိုက်စစ် တွင် လိုအပ်ချက်များနေသဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ပထမပိုင်း တွင် ဂိုးမရှိသရေကျနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယ ပိုင်းတွင် ဂိုးရရန် ပိုအားထည့်လာပြီး ၆၂ မိနစ်တွင် မောင်မောင်လွင်၏ ဖြတ်တင်ဘောမှတစ်ဆင့် မူစတာဖာက ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ပိုဖိကစား နိုင်ခဲ့ပြီး ၇၁ မိနစ်တွင် သန်းပိုင်က ဒုတိယဂိုးထပ်သွင်းခဲ့သည်။ မိနစ် ၈၀ တွင် ဖိုသာဗောင်က Ezra အသင်းအတွက် ပင်နယ်တီမှတစ်ဆင့် ချေပဂိုး ပြန်သွင်းသဖြင့် လက်ကျန်မိနစ်များမှာ အကြိတ်အနယ်ရှိလာ သော်လည်း ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ရလဒ်ထိန်းကစားခဲ့သည်။

 

ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစစ်ပွဲအောင်မြင်သဖြင့် အရှေ့အာရှဇုန် အုပ်စု (D) သို့ ကျရောက်ခဲ့ပြီး အင်ဒိုနီးရှားကလပ် ဘော်နီယို၊ ဖိလစ်ပိုင်ကလပ် One Taguig အသင်း၊ တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

ကိုညီလေး

No comments

Powered by Blogger.