တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ
ထားဝယ် စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ပုလဲဧကရီ ခန်းမ၌ကျင်းပရာ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိသူ နှစ်ဦး၊ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
အခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စေတနာပန်းတို့ လန်းရာမြေ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အမှာစကား ပြောကြားကာ ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ယူနက်စကိုမှ ပေးပို့သော သဝဏ်လွှာကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုက လှူဒါန်းသော ကျောင်းပြင်ပ ပညာရေး မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ် ၁၆၃၁ ဒါဇင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းပြင်ပ ပညာရေးလုပ်ငန်း များဆောင်ရွက်ရန် ချီးမြှင့်ငွေကျပ် သိန်း ၂၀၀ ကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ အခြေခံပညာ ဆရာ ဆရာမများက “စာတတ်မြောက်ရေး ဂုဏ်ပြုတေး” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှု Video Clip ကို ပြသကာ ရမ္မဇူ-အခြေခံပညာ ကျောင်းသား ကျောင်းသူများက “ဝထကလသ”သီချင်းဖြင့် သရုပ်ဖော် သီဆို ဂုဏ်ပြုပြီး ကျောင်းသား ကျောင်းသူများက “ကလေးများ အတွက် ဒီနေ့” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments