ယာယီရေဘေးရှောင် အိမ်ခြေ ၂၆၀ ၊ အိမ်ထောင်စု ၂၇၀ ၊ လူဦးရေ ၁၁၆၈ ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ မုန့်နှင့် ထမင်းထုပ်များပေးအပ်

 


ပဲခူး စက်တင်ဘာ ၃

 

ပဲခူးမြစ်ရေဝင်ရောက်မှုကြောင့် ကလျာဏီ သိမ်တော်ကြီးဘုန်းကြီးကျောင်း၌ အနိမ့်ပိုင်းနေအိမ်များမှ ယာယီရေဘေးရှောင်နေကြသည့် အိမ်ခြေ ၂၆၀၊ အိမ်ထောင်စု ၂၇၀၊ လူဦးရေ ၁၁၆၈ ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ ရေသန့်၊ မုန့်နှင့် ထမင်းထုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် အနိမ့်ပိုင်းနေရာများအတွင်းသို့ ပဲခူးမြစ်ရေ ဝင်ရောက်နေမှုကို စက်လှေများဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များအား ထမင်းထုပ်များ၊ ရေသန့်၊ အအေးနှင့် မုန့်များပေးအပ်၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားကာ ရေဝင်ရောက်မှုအပေါ် ကူညီဆောင်ရွက်နေကြသည့် တပ်ရင်းတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်သည်။

 

ဆက်လက်၍ ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက် တို့တွင် ပဲခူးမြစ်မှ အဓိကရေဝင်ရောက်လျက်ရှိသည့် ကုလားရိုက်ရိုးချောင်း ယာယီရေတားတာ ဆောင်ရွက်ထားရှိမှုနှင့် ရေဝင်ရောက်မှု လျော့နည်းသက်သာစေရေး ရေတံခါး အမှတ် (၁)နှင့် အမှတ်(၂) ဆောင်ရွက်မည့် လျာထားနေရာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပဲခူးမြစ်ရေစီးဆင်းနေမှု၊ မဇင်းလမ်းဆုံအနီးရေကျော်နေမှုနှင့် ကလျာဏီ သိမ်တော်ကြီးဘုန်းကြီးကျောင်း၌ အနိမ့်ပိုင်းနေအိမ်များမှ ယာယီရေဘေးရှောင်နေကြသည့် အိမ်ခြေ ၂၆၀၊ အိမ်ထောင်စု ၂၇၀၊ လူဦးရေ ၁၁၆၈ ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ မုန့်နှင့် ထမင်းထုပ်များပေးအပ်ကာ ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်သို့ ရေဝင်ရောက်လျက်ရှိသည့် ပန်းဆိုးချောင်း ပြန်လည်တူးဖော်နိုင်ရေး၊ ဇိုင်းဂနိုင်းကြီးကျေးရွာမှ အနောက်ဘက်မြို့ ရှောင်လမ်းသို့ ချိတ်ဆက်ထားသည့် ကျေးရွာချင်းဆက်လမ်း ယာယီရေကျော်နေမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.