မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း၌ ဌာနဆိုင်ရာ OSS အဖွဲ့များ၏ ကုန်စစ်ဆေးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စစ်ဆေးဆောင်ရွက်လျက်ရှိ
မြစ်ကြီးနား စက်တင်ဘာ ၃
ကချင်ပြည်နယ်နှင့် တစ်ဖက်တရုတ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့် ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ရရှိစေရေး အတွက် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကုန်စစ်ဆေးရေးစခန်း၌ OSS ရုံး အဖွဲ့ဝင်ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနများ အလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒေသတွင်းစားသောက်ကုန်များ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ခွင့်ပြုထားသော ကုန်ပစ္စည်းများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးခွင့်ပြုနိုင်ရေး၊ ခြံဝင်းအတွင်း ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်သည့် ယာဉ်ကြီးများ စနစ်တကျရပ်နား၍ ကုန်စစ်ဆေးမှုလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက် နိုင်ရေး၊ ယာဉ်စစ်ဆေးရေးစင် အမြန်ဆုံးတည်ဆောက်နိုင်ရေးနှင့် ကုန်စစ်ဆေးရေးကွင်းအတွင်း သတ်မှတ်ချက်နှင့်အညီ ပြင်ဆင် ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကုန်တင်ယာဉ်များပါ သွင်းကုန်ပစ္စည်းများ စစ်ဆေးဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ယမန်နေ့မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပါက မြစ်ကြီးနားမြို့ မြေနိမ့်ရပ်ကွက်များရှိ လမ်းမများနှင့် လူနေအိမ်များတွင် ရေဝပ် တင်ကျန်မှုများဖြစ်ပေါ်မှုနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲအပြီးတွင် ရေဝပ်တင်ကျန်မှု အများဆုံးဖြစ်ခဲ့သည့် ခေမာသီရိရပ်ကွက်အတွင်း လမ်းသွယ် (၁၀) အနီး အမှတ် (၃) ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ထားရှိမှု၊ ပင်မ မြောင်းအတွင်းစီးဝင်သည့် မြောင်းသွယ်များ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေ၊ ရမ်ပူရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် အမှတ် (၄) ပင်မရေနုတ်မြောင်း ဖြတ်သန်းစီးမှုအပေါ် မြောင်းသွယ်များစီးဝင်မှုနှင့် Box Culvert များ ဆုံသည့်နေရာများတွင် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရမည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လက်ရှိ ရေဝပ်တင်ကျန်မှုဖြစ်စဉ်အပေါ် အမြန်ဆုံးဖြေရှင်းပေးနိုင်ရေး၊ ရေရှည် အတွက် ပင်မမြောင်းများနှင့် မြောင်းသွယ်များကို မြေပြင်ကွင်းဆင်း စစ်ဆေး၍ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်း စီမံကိန်းများ ရေးဆွဲဆောင်ရွက်ထားရှိရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments