နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းသားများအား ဂုဏ်ပြုဆုငွေများ ထိုက်တန်စွာချီးမြှင့်

 


ရန်ကုန်   စက်တင်ဘာ   ၂၄

ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့်  အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ၏တက်ဂ်ဘောအားကစားပြိုင်ပွဲတွင် အာရှထိပ်တန်း နိုင်ငံများကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဆုတံဆိပ်များဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းသားများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ်တို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။

အဆိုပါအာရှအားကစားပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ မြန်မာတက်ဂ်ဘောကစားမယ် ခင်နှင်းဝေက  ရွှေတံဆိပ်ဆု၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့က ဒုတိယငွေတံဆိပ်နှင့် မြန်မာတက်ဂ်ဘောကစားသမား စောဖရိုက်ဒေးက ကြေးတံဆိပ်ဆုကို ဆွတ်ခူး ပေးနိုင်ခဲ့သည်။

တက်ဂ်ဘောအားကစားအဖွဲ့ချုပ်ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခွဲ မပြည့်ခင်အချိန်တိုကာလအတွင်း ယခုကဲ့သို့ အာရှအားကစားပြိုင်ပွဲကြီးတွင် ပြိုင်ပွဲ(Event) သုံးမျိုးပါဝင်ယှဉ်ပြိုင်ခဲ့ရာ  ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းသားများအား မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီက ဂုဏ်ပြုဆုငွေကျပ်သိန်း ၆၀၀၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ   ဦးဇော်ဇော်နှင့်   မြန်မာနိုင်ငံတက်ဂ်ဘော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်းတို့က  ဂုဏ်ပြုဆုငွေကျပ် သိန်း ၆၀၀ စီ ချီးမြှင့်ပေးခဲ့သည်။

ထို့အတူ နိုင်ငံ့ဂုဏ်ဆောင်အာရှဆုတံဆိပ်ရှင် မြန်မာတက်ဂ်ဘောအသင်းသားများအား  မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ်   ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့်  အထွေထွေအတွင်းရေးမှူး ဦးဖြိုးဇာနည်တို့က ဂုဏ်ပြု ဆုငွေကျပ်သိန်း  ၃၀၀  စီ  ထပ်ဆောင်းချီးမြှင့်ပေးပြီး  ဂုဏ်ပြုပွဲအခမ်းအနားကို မကြာမီ ရက်ပိုင်းအတွင်း ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                                                   

အာကာ

No comments

Powered by Blogger.