ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ငါးမြို့နယ်တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၂၄
ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်း ကျေးရွာအနီး ညောင်တုန်းကျွန်း တာ(ဧရာဝတီမြစ်ခွဲ) တာမိုင် (၁၁/၆) နှင့် (၁၁/၇) ကြားနေရာ၌ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီ မြစ်ခွဲ)တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် တိုက်စားကာ ဆည်မြောင်းတာ အိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ နှင့် အဆိုပါနေရာအနီးတစ်ဝိုက် မြစ်ရေတိုက်စားမှုကြောင့် မြေသား ထပ်မံပြိုကျမှု ဖြစ်ပေါ်ခဲ့သည့် နေရာများတွင် ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ တာကိုယ်ထည် တိုက်စား၍ အိပဲ့ပြိုကျမှုဖြစ်ပေါ် လျက်ရှိသည့် နေရာများ၌ ရေတိုက် စားမှု ကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူး လုပ်ငန်း ဆောင်ရွက်ခြင်း၊ တာမိုင်အမှတ် (၁၂ / ၂) ပေ ၅၀၀ နှင့် (၁၂ /၃) ကြားတွင် မြစ်ကမ်းထိန်းလုပ်ငန်း ဖြစ်သည့် porcupine ချထားခြင်း၊ ယာယီပန်းတာ အလျား ပေ ၃၀၀ ပေါ်တွင် သဲအိတ်ဆင့်ခြင်းနှင့် ကမ်းရင်းတာခြေ တုတ်ရိုက်သဲ ဖြည့်ခြင်း၊ တာမိုင်အမှတ် (၁၁/ ၅) နှင့် (၁၁/၆)ကြားတွင် ယာယီ ပန်းတာတည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လူအင်အား၊ စက် ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေ တိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်၊ ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်း ဝင်ရောက် မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင် ရောက်မှုကြောင့် လေးမျက်နှာ မြို့ပေါ် ရပ်ကွက် ငါးခုနှင့် ကျေးရွာ အချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာ အချို့တို့တွင် ယနေ့ထိ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ ငဝန်ပန်းတာ ရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ် နိုင်ရန်အတွက် နည်းပညာများ အသုံးပြု၍ ငဝန်ပန်းတာရေဝင် လမ်းအား(Geobags) အိတ်များချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile များ တောင့်တင်း ခိုင်မာစေရန်အတွက် (Geobags) အိတ်များချခြင်း၊ (Jumbo Bag) အိတ်များချခြင်း လုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားများ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရေပြန်လည်ကျဆင်း သွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များကို နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20photos-4.jpg)
No comments