အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြိုင်ပွဲဝင်အသင်းနှစ်သင်း ဂျပန်နိုင်ငံသို့ ထွက်ခွာ

 


ရန်ကုန်     စက်တင်ဘာ    ၂၄

ဂျပန်နိုင်ငံ အိုက်ချီ-နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ(20th Asian Games 2026)တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်   ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်း နှစ်သင်းတို့သည် ယနေ့တွင် လေကြောင်းခရီးဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

အာရှအားကစားပြိုင်ပွဲတွင် Esports အသင်း(Team Zanaka) သည် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အိမ်ရှင် ဂျပန်နိုင်ငံ၊ တရုတ်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း စသည့် နိုင်ငံများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“အာရှအားကစားပြိုင်ပွဲဆိုတာ အာရှနိုင်ငံတွေအတွက် အရေးပါတဲ့ အားကစားပြိုင်ပွဲတစ်ခုဖြစ်သလို အိုလံပစ်အားစကားပြိုင်ပွဲပြီးရင် အကြီးမားဆုံးအားကစားပြိုင်ပွဲလည်း ဖြစ်ပါတယ်။  အာရှပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲကိုလည်း   အားသွန်ခွန်စိုက်နဲ့   ကျော်ဖြတ်ခဲ့ပြီး   အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့အီးစပေါ့အားကစားပြိုင်ပွဲမှာလည်း Mobile  Legends: Bang Bang(MLBB) အားကစားနည်းမှာ ကမ္ဘာ့အဆင့် ဒုတိယရရှိခဲ့တာကြောင့် အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ် မျှော်မှန်းထားသလို  Honor of Kings (HOK)  အားကစားနည်းနဲ့ ဆုတံဆိပ်ရဖို့လည်း   မျှော်မှန်းထားပါတယ်။   အခုလို   သွားရောက် ယှဉ်ပြိုင်ခွင့်ရ‌အောင် ကူညီပေးတဲ့ နိုင်ငံတော်အကြီးအကဲ၊ အားကစား‌ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင်  အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ”ဟု မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ကောင်းမြတ်စံက ပြောသည်။  

အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံကိုယ်စားပြု Team Zanaka အသင်းမှ Mobile  Legends: Bang Bang(MLBB)  ပြိုင်ပွဲဝင်အသင်းသည်လည်း ယခုရက်ပိုင်းအတွင်း ဂျပန်နိုင်ငံသို့  ထွက်ခွာမည်ဖြစ်ပြီး  အာရှအားကစားပြိုင်ပွဲတွင်  နိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် Team Zanaka အသင်းကို KBZ Pay ၊ U9၊  Lipovitan-D နှင့် SINODA တို့က ပူးပေါင်းပါဝင် ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။         

သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်                                                              

 

No comments

Powered by Blogger.