မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်

 



မော်လမြိုင် စက်တင်ဘာ ၂၄


၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အမှာ စကားပြောကြားပြီး လူငယ်ပရဟိတဂေဟာ သုံးခု၊ အမျိုးသမီးဂေဟာတစ်ခု၊ ဘိုးဘွားရိပ်သာ လေးခု၊ မူလတန်းကြိုကျောင်း ၈၄ ကျောင်း၊ လူငယ်ရိပ်သာ တစ်ခုအတွက် ကိုယ်စားလှယ်လေးဦးတို့အား ထောက်ပံ့ငွေများ ပေးအပ်သည်။


ဆက်လက်၍ မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ပြည်တော်သာ ပြည်သူ့အငှား အိမ်ရာ လေးခန်းတွဲ နှစ်ထပ်တိုက် ၂၅ လုံး အခန်း ၂ဝဝ သည် ၁၉၅၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အဆောက်အအုံများ သက်တမ်းမှာ နှစ် ၇၀ နီးပါး ကြာမြင့်နေပြီဖြစ်၍ ငှားရမ်းနေထိုင်သူများအနေဖြင့် ရေရှည်ဆက်လက်နေထိုင်ရန် သင့်လျော်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။


ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ကျင်းပသည့် မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.