FIFA-ASEAN Cup 2026 ပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း အနိုင်ရ
ရန်ကုန် စက်တင်ဘာ ၂၄
FIFA-ASEAN Cup 2026 ပြိုင်ပွဲ Division-2 အုပ်စုပထမနေ့ကို စက်တင်ဘာ ၂၄ ရက်က ဟောင်ကောင်၌ စတင်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိခဲ့သည်။
အုပ်စုပထမနေ့တွင် မြန်မာအသင်းက
တီမောအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ လာအိုအသင်းက ဘရူနိုင်းအသင်းကို
သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
မြန်မာအသင်းသည် တီမောအသင်းကို အနိုင်ကစားနိုင်သဖြင့် ဗိုလ်လုပွဲတက်ရောက်ရန်
မျှော်လင့်ချက်ပိုကောင်းသွားပြီး ကမ္ဘောဒီးယားကို ထပ်မံအနိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းတွင်
ဒဏ်ရာရ ကစားသမားများရှိနေသဖြင့် လူမစုံဘဲ ကစားရသောကြောင့် ပုံစံကောင်း ပြသနိုင်ခြင်းမရှိဘဲ
ရုန်းကန်ခဲ့ရသည်။
မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် ဇင်ညီညီအောင်(ဂိုး)၊ ဟိန်းဇေယျာလင်း၊ မြတ်ဘုန်းခန့်၊ ရှိုင်းဝဏ္ဏအောင်၊
ခွန်ကျော်ဇင်ဟိန်း၊ ဝေလင်းအောင်၊ ကျော်မင်းဦး၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊
သန်းပိုင်တို့ ပါဝင်လာသည်။ ပွဲအစပိုင်းတွင် မြန်မာအသင်းက ပိုဖိကစားနိုင်ပြီး ၁၉ မိနစ်တွင်
ဝင်းနိုင်ထွန်းက ထောင့်ကန် ဘောကိုခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းတွင် တီမောအသင်းက ပြန်ဖိကစားလာပြီး ဂိုးပေါက် ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင်လည်း တီမော အသင်းကပင် ပိုဖိကစားနိုင်ပြီး
အဆုံးသတ်အားနည်းမှုကြောင့် ဂိုးမရခဲ့ခြင်းဖြစ်သည်။ ၇၅ မိနစ်တွင် အသင်းခေါင်းဆောင်
သန်းပိုင်က ဒုတိယဂိုးကို ခေါင်းတိုက်ပြီး သွင်းယူခဲ့သဖြင့် မြန်မာအသင်း အနိုင်သေချာခဲ့ပြီး
လက်ကျန်မိနစ်များတွင် အနိုင်ရလဒ် ထိန်းကစားခဲ့သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ်
စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF

No comments