ရွိုင်ရယ်-ဒီ ရွှေခါးပတ်ချန်ပီယံ(၂၀၂၆) ဗိုလ်လုပွဲများ အလဲထိုးရလဒ်မပေါ်ထွက်ဘဲ အမှတ်ဖြင့်သာ ချန်ပီယံရွေးချယ်ခဲ့ရ

 


ရန်ကုန်   စက်တင်ဘာ   ၂၀

အားကစားရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က  ကြီးမှူးပြီး SAI ZAWZAW Group မှကျင်းပသည့် ရွိုင်ရယ်-ဒီ ရွှေခါးပတ်ချန်ပီယံ  ဗိုလ်လုပွဲ (၂၀၂၆) ဗိုလ်လုပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းက   မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ပြုလုပ်ရာ ပြိုင်ပွဲအားလုံး အလဲထိုးနိုင်ခြင်းမရှိသည့်အတွက် အမှတ်ဖြင့် ဆုံးဖြတ်ကာ ချန်ပီယံ ခါးပတ်ချီးမြှင့်ခဲ့ရသည်။

ဗိုလ်လုပွဲမကျင်းပမီ  အထူးလေးချီ စိန်ခေါ်ပွဲသုံးပွဲထည့်သွင်းခဲ့ပြီး  လာကပေါ(ရိုးရာကျား)နှင့် ဇော်ဒူလ(Python တော်ဝင်ဧရာ)၊ ရွှေထီး(YMA)နှင့် ဝူသောဒို (ရိုးရာ ကျား)၊ ချမ်းမြေ့အောင်(PTC)နှင့် ရဲမာန်သွေး(Ray)တို့  သူတစ်ပြန် ကိုယ်တစ်ပြန် လေးချီအပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း အနိုင်အရှုံးမပေါ်သည့်အတွက် ပူးတွဲသရေ ပွဲများသာ ဖြစ်ခဲ့သည်။

ဗိုလ်လုပွဲစဉ်ဖြစ်သည့်  ၅၁ ကီလိုတန်း  ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်)နှင့် ဂေါဗက(ရိုးရာစွမ်းအား)တို့ပွဲတွင် ငါးချီပြည့်သည်အထိ   ဆိုင်ထိုးပြိုင်ထိုးခဲ့ကြသော်လည်း  အနိုင်အရှုံးမပေါ်သည့်အတွက် ဆလိုင်းထန်ခွီးရှိန် အမှတ်ဖြင့် အနိုင်ရရှိသည်။

၅၄ ကီလိုတန်း  အောင်ထွန်းဘို(ဒို့ရိုးရာ)နှင့်  မြလုံးချော(စိန်လက်သီး)တို့ပွဲတွင်   လက်သီးတွဲလုံး၊   အမြင့်ခတ်ခြေ၊ နင်းခြေ၊ တံတောင်ရိုက်ချက် စသည်ဖြင့် သတ်လုံးသတ်ကွက် စုံစုံလင်လင်ဖြင့် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ငါးချီပြည့်သည်အထိ  အလဲမထိုးနိုင်သည့်အတွက် အမှတ်ဖြင့်သာ မြလုံးချောက အနိုင်ရရှိခဲ့သည်။

၅၇ ကီလိုတန်း ကျော်ဝေယံထွန်း(Top One)နှင့် အာဖရိက(555 Sports)တို့ပွဲတွင် ကျော်ဝေယံထွန်းက  ဘယ်ညာ လက်သီးတွဲလုံးများကို  အားပြုယှဉ်ပြိုင်သလို အာဖရိကကလည်း  ဆိုင်ထိုးပြိုင်ထိုး   အပူးအသတ် ဒူးတိုက်ချက်များ၊ လက်သီးထိုးချက်များဖြင့် အချီပြည့်ရင်ဆိုင်ယှဉ်ပြိုင်ခဲ့သော်လည်း အလဲထိုးနိုင်ခြင်းမရှိဘဲ  အမှတ်ဖြင့်  အာဖရိကက အနိုင်ရရှိခဲ့သည်။

၆၀ ကီလိုတန်း စီတိုး(ခေးယုဝါး)နှင့် သန့်ဇင်(Python တော်ဝင်ဧရာ)တို့ပွဲတွင် နှစ်ဦးလုံးဖွင့်ထိုးကြသဖြင့် အကွဲကွဲအပြဲပြဲ ဖြင့်  ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သော်လည်း အလဲထိုးအဖြေမပေါ်သဖြင့် အမှတ်ဖြင့် သန့်ဇင်က အနိုင်ရရှိခဲ့သည်။

ထို့အတူ ၆၃  ဒသမ ၅  ကီလိုတန်း ထူးကညော(YKB)နှင့် ရဲလင်းဦး (Vanguard)  တို့ပွဲတွင်  ရဲလင်းဦးက  အမှတ်ဖြင့် လည်းကောင်း၊  ၆၇  ကီလိုတန်း အဖိုးသွေး(ခေးယုဝါး)နှင့် ကညောခွား(ဘိလပ်မြေစက်ရုံ) တို့ပွဲတွင် ကညောခွားက  အမှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

ကိုထက်

No comments

Powered by Blogger.