ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စတုတ္ထအကြိမ် ပါတီညီလာခံ(၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီး

 



နေပြည်တော် စက်တင်ဘာ ၂၀


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံ (၂၀၂၆)ကို စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက် အထိ နေပြည်တော်ရှိ ပါတီဌာနချုပ် ညီလာခံခန်းမ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။


ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ကိုယ်ပိုင်အကျိုးထက် ပါတီအကျိုး၊ ပါတီအကျိုးထက် နိုင်ငံအကျိုးကို ဦးစားပေး၍ ကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်းပြောကြားသည်။


ညီလာခံအတွင်း အစုအဖွဲ့များ က စုပေါင်းပြုစုထားသည့် စာတမ်း ငါးစောင်ကို ဖတ်ကြားတင်သွင်း ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပါတီကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီးစီးမှု၊ ဖွဲ့စည်းနိုင် ခြင်းမရှိသေးသည့် ခရိုင်နှင့် မြို့နယ် ပါတီကော်မတီများ စာရင်း၊ ဗဟိုကော်မတီဝင်နှင့် အရန်ဗဟို ကော်မတီဝင်များ စာရင်းတို့ကို အတည်ပြုသည်။


ထို့ပြင် ကြီးကြပ်မှုဗဟိုကော်မတီနှင့် ရွေးချယ်တင်မြှောက်ရေး ကော်မရှင်က ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အထွေထွေအတွင်း ရေးမှူးအဖြစ် ဦးတင်အောင်ချစ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးအောင်စိုးနှင့် ဗဟိုအလုပ် အမှုဆောင် ၄၆ ဦးတို့ကို စိစစ် ရွေးချယ်သည်။


အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ပါတီ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအလုပ် အမှုဆောင်များ၊ ဗဟိုကော်မတီဝင် များ၊ အရန်ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကိုယ်စားပြု ညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက်သည်။


ညီလာခံအပြီးတွင် သတင်းစာ ရှင်းလင်းပွဲကို ဆက်လက်ကျင်းပ ရာတက်ရောက်လာသည့် သတင်း မီဒီယာများက ပါတီညီလာခံ ကျင်းပမှုနှင့်စပ်လျဉ်း၍   မေးမြန်းချက်များအပေါ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များကပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.