တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပွားသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်

 



နေပြည်တော် စက်တင်ဘာ ၂၈


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်း စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်း၍ ထားဝယ် မြစ်ရေမြင့်တက်မှု ဖြစ်ပွားခဲ့ပြီး ထားဝယ်မြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များ အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်သည့် ကညုံရပ်ကွက်နှင့် ဘုံမော် ရပ်ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများအား ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း များသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။


အလားတူ တနင်္သာရီမြို့နယ်အတွင်း စက်တင် ဘာ ၂၄ ရက်မှ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်း၍ တောင်ကျချောင်းရေကျဆင်းမှုများကြောင့် သဲဖြူ ကျေးရွာနှင့် မောတောင်ငယ်အကြား ကားလမ်းပေါ် တွင် မြေပြိုကျမှုဖြစ်ပေါ်သည့် နေရာများ၊ ချောင်းရေ မြင့်တက်၍ ရေကျော်မှုဖြစ်ပွားလျက်ရှိသည့် လမ်းတစ်လျှောက်ရှိ တံတားများတွင် ရေစီးနှင့်အတူ မျောပါလာသည့် သစ်ပင်၊ သစ်ကိုင်းများ၊ နုန်းများအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ပုလောမြို့၊ သရက်ချောင်းမြို့နှင့် လောင်းလုံးမြို့ တို့တွင်လည်း ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ကူညီဆောင် ရွက်ပေးလျက်ရှိသည်။


ထိုသို့ ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီး ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.