ဘားအံမြို့၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

 


ဘားအံ စက်တင်ဘာ ၉

 

ကရင်ပြည်နယ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

ပြိုင်ပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးနှင့် ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်သည်။

 

အဆိုပါပြိုင်ပွဲ၏ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ လည်းကောင်း၊ အဆိုပြိုင်ပွဲ နှင့်အရေးပြိုင်ပွဲကို လူငယ်စင်တာ၌လည်းကောင်း စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

တွေ့ဆုံဆွေးနွေး

ဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ ကရင်ပြည်နယ် မြဝတီမြို့၌ အမေရိကန် ဒေါ်လာ ၁၃ သန်းခန့် ရင်းနှီးမြှုပ်နှံပြီး စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ ၁၀ မဂ္ဂါဝပ် ဇီဝလောင်စာသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်နိုင်ရေး အဆိုပြုတင်သွင်းသည့် K-STARS EMPIRE COMPANY LIMITED မှ တာဝန်ရှိသူများအား လက်ခံ တွေ့ဆုံဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံစဉ် K-STARS EMPIRE COMPANY LIMITED မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံမှ ပညာရှင်များက ဇီဝလောင်စာ ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ နည်းပညာဆိုင်ရာ သတ်မှတ်ချက်၊ ဆောက်လုပ်မည့် အချိန်ဇယား၊ အချက်အလက်ပြင်ဆင်မှု၊ မြို့ပြနှင့် ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းများ၊ စက်ယန္တရားနှင့် ပစ္စည်းကိရိယာများ တပ်ဆင်မှု၊ စမ်းသပ်မှုနှင့် စတင်အသုံးပြုမှု ဆိုင်ရာကိစ္စရပ်များ၊ ဓာတ်အားရောင်းချမှု၊ လူမှုအသိုက်အဝန်းနှင့် ပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.