တကယ်လုပ် အဟုတ်ဖြစ်သည် ရွှေပြည်သစ်ဆီ …



၂၀၂၅ ခုနှစ်ကုန် ၂၀၂၆ ခုနှစ် မတ်လအတွင်း ပြည်သူများက ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ် တင်မြှောက်ခဲ့သည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော် အသီးသီး ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံတော်အစိုးရ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအသီးသီးကို ဖွဲ့စည်းပုံအရ ဖွဲ့စည်းနိုင်ခဲ့သည်။ 


ရွေးကောက်တင်မြှောက်ခံ အစိုးရသစ်သည် ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ ဦးတည်ကာ ဖြောင့်တန်းစွာ လျှောက်လှမ်းနေပြီဖြစ်သည်။ အစိုးရတစ်ရပ်ဆိုသည်မှာ ကာလအပိုင်းအခြားတစ်ခု အတွင်း၌ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေး ရသည့် နိုင်ငံတော်၏ အဖွဲ့အစည်းတစ်ခုဖြစ်သည်။


  • နိုင်ငံတော်ရွှေသီးဖို့၊ ကုန်ထုတ်လုပ်မှု အားပေးစို့
  • နိုင်ငံတော်ဖွံ့ဖြိုးဖို့၊ ပညာရေးကို အားပေးစို့
  • နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်း ကျင်ထိန်းကြစို့ 


ဟူသော ဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များ သတ်သတ်မှတ်မှတ်ချမှတ်ကာ ရွှေပြည်သစ်ကို တည်ဆောက်လျက်ရှိသည်။ 


သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီ ရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သန်ကာ လူမျိုး၊ ဘာသာ၊ သာသနာဖွံ့ဖြိုးဖို့ ၊ သာယာဝပြောဖို့၊ စီမံခန့်ခွဲအုပ်ချုပ်မှု ကောင်းမွန်ဖြောင့်တန်းဖို့ မြန်မာ နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်း လျက်ရှိသည်။


မြန်မာနိုင်ငံသည် နိုင်ငံသားအားလုံးအရေး၊ တိုင်းရင်းသားတို့အရေး သမိုင်းသင်ခန်းစာများက မနည်းလှ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးရပြီးကာလ လွတ်လပ်ရေးရပြီး နောက်ပိုင်း၊ ၂၀ ရာစုကုန်ဆုံးသည့် ကာလများတိုင် ပါလီမန်ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီ၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ဟူ၍ ဖွဲ့စည်းပုံများအရ နိုင်ငံတော်၏အရေးကိစ္စတို့ကို ဆောင်ရွက်ခဲ့သည်။


အကြောင်းအကျိုး ၊ အကောင်းအဆိုးများကို ဖြတ်ကျော်ခဲ့ကြရသည်။  သမိုင်းအဆက်ဆက်၏ အတွေ့အကြုံများအရ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး သွားမည်ဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့သည် မျိုးနွယ်စုကြီးများ အဖြစ် ဥမကွဲသိုက်မပျက် စည်းလုံးလက်တွဲကာ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မား တိုးတက်ရေးကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပေးနိုင်ရန်ဖြစ်သည်။


ပြည်ပခရီးစဉ်များ


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်ကာ သက်ဆိုင်ရာဝန်ကြီးများပါဝင်သည့် အဖွဲ့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း အိန္ဒိယ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့သို့ အဆိုပါနိုင်ငံများမှ အကြီးအကဲ များ၏ ဖိတ်ကြားချက်အရ ပြည်ပခရီးစဉ်များ သွားရောက်နိုင်ခြင်းဖြင့် နိုင်ငံတကာသံတမန်ရေးရာ နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ကူးလူး ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် စီးပွားရေးကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံရေး၊ ပညာရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာ၊ အာကာသနည်းပညာနှင့် ကာကွယ်ရေး၊ စက်မှုလက်မှုကဏ္ဍများ အပါအဝင်  နယ်ပယ်စုံ ကဏ္ဍစုံမှ အောင်မြင်သည့်ဆွေးနွေးမှု ရလဒ်များ ပေါ်ထွက်လာအောင် ဆွေးနွေးနိုင်ခဲ့ခြင်းက နိုင်ငံတော်ရွှေသီးဖို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့၊ နိုင်ငံတော်သာယာဖို့ဖြစ်သည်။


စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများ ဖြတ်ကျော်…


နိုင်ငံတစ်နိုင်ငံ၏ ဘက်စုံကဏ္ဍစုံတို့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည် အစဉ်အမြဲ ဖြောင့်ဖြူးသည်တော့ မဟုတ်။ “မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများက စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက် တိုးတက်မှု မရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း” ဩဂုတ်လ ၂၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။


နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်သာယာရေး၊ ငြိမ်းချမ်းရေးကိစ္စတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေး ပါမှု၊ ထိုနိုင်ငံတို့၏ လူမှုဘဝဖွံ့ဖြိုးမှု၊ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကို သိရှိနားလည် ကြရန် လိုအပ်ပါသည်။ နှစ်နိုင်ငံအကျိုးတူရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ဒေသ တွင်း မိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက် များကိုပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခြင်းဖြစ်သည်။ 


သိပ္ပံအရာတွင်…


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့သည် သိပ္ပံအရာတွင် ရှေ့တန်းမှရောက်ရှိနေကြသည်။ အဏုမြူစွမ်းအင် ရရှိရေး၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင် ကို ထုတ်လုပ်သုံးစွဲနိုင်ကြသည်။ လကမ္ဘာသို့လည်း လူမဲ့လေ့လာရေးယာဉ်များကို အောင်မြင်စွာ လွှတ်တင်နိုင်ကြသည်။ သို့ဖြစ်ရာ ထိုနိုင်ငံကြီး သုံးနိုင်ငံနှင့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မိမိနိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပို၍မြင့်သထက် မြင့်မားလာနိုင်မည်။ မကြာမီဖြစ်လာမည့် ရွှေပြည်သစ်ကို တကယ် လုပ်အဟုတ်ဖြစ်ရန် အတူတကွ တည်ထောင်ကြဖို့ ဖြစ်ပေသည်။


မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဖြင့် လျှောက်လှမ်းသည်မှာ ၁၅ နှစ်တာကာလမျှ သာရှိရာ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်၏ အကြီးအကဲ တာဝန်ရှိသူများက အဓိကဆောင်ရွက် နေကြသည်သာမက လူငယ်များက လူငယ်ငြိမ်းချမ်း ရေးဖိုရမ် ၂၀၂၆ ကို ကျင်းပကာ


(က) မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။

(ခ) မိမိကွန်ရက်ကို ခိုင်မာအောင်ဖွဲ့စည်းမည်။

(ဂ) မိမိဒေသကို ငြိမ်းချမ်းအောင် ပံ့ပိုးမည်။

(ဃ) မိမိနိုင်ငံအတွက် ကောင်းအောင်ကြိုးစားမည်ဟု လူငယ်များက သစ္စာအဓိဋ္ဌာန်ပြု ခဲ့ကြသည်မှာ လွန်စွာအားရစရာ ဖြစ်သည်။


သို့ဖြစ်ရာ လူငယ်ထုသည်လည်းကောင်း၊ အမျိုးသမီးထုသည်လည်းကောင်း စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပါလာလျှင် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အားကိုးအားထားနိုင်မည်ဖြစ်သည်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် စီးပွားရေးပညာများ တတ်ကျွမ်းလျှင် နိုင်ငံတော်ရွှေသီးနိုင်မည်၊  ဥပဒေ ပညာရပ်များ တတ်ကျွမ်းနားလည်ကြလျှင် တရား ဥပဒေစိုးမိုးနိုင်မည်၊ သိပ္ပံနှင့် နည်းပညာတတ်ကျွမ်းလျှင် ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်ပါလိမ့်မည်၊  မြန်မာ့ သမိုင်း ကမ္ဘာ့သမိုင်းကို ကောင်းစွာသိရှိနားလည်ပါလျှင် ဒုတိယံပိအမှားနှင့် ကင်းဝေးကြလိမ့်မည်၊ ပထဝီနိုင်ငံရေးကို စုံစမ်းလေ့လာအကဲခတ်ရင်း မိတ်ဖက်နိုင်ငံများနှင့် ပို၍နီးကပ်စွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မည်၊ အနှေးနှင့်အမြန် ရင်းနှီး မြှုပ်နှံကြလိမ့်မည်၊ မြန်မာတစ်မျိုးသားလုံးကမူ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲဆိုသကဲ့သို့ ကဏ္ဍပေါင်းစုံတွင် အပတ်တကုတ် အားထုတ်နေကြရမည်၊  ရေမြေ သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်နှင့် အညီ နိုင်ငံတော်ကလည်း အားပေးလျက်ရှိရာ စိုက်ပျိုးရေး၊ သား၊ ငါး မွေးမြူရေးအပါအဝင် အသေးစား၊ အလတ်စားကုန်ပစ္စည်းများ ထုတ်လုပ် နိုင်မည်။


အရည်အသွေးမီ ပညာရေး

(က) ၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ အတန်းပညာမရှိသူမှာ နိုင်ငံလူဦးရေ၏ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၄၁ ဒသမ ၀၉ ရာခိုင်နှုန်းရှိကြောင်း အံ့အားသင့်ဖွယ်သိရှိရ သည်။ နိုင်ငံတကာတွင် အားလုံးအတွက် ပညာရေး ကို ၁၉ ရာစုနှစ်ကုန်မှ ဆောင်ရွက်ခဲ့ကြသည်။ စက်မှု လယ်ယာကို အမေရိကန်တို့သည် ၁၈၉၀ ပြည့်နှစ် များတွင် တည်ထောင်နိုင်ခဲ့သည်။


(ခ) မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အတန်း ပညာမရှိသူ ၅ ဒသမ ၆၇ ရာခိုင်နှုန်းသာရှိ၍ ရှေးယခင်ကနှင့်နှိုင်းယှဉ်လျှင် တိုးတက်သည်ဟု ဆိုနိုင်သော်လည်း KG + 9 ပညာရေး ပြီးမြောက် အောင် ကြိုးပမ်းနေရဆဲဖြစ်သည်။ နိုင်ငံတော်အစိုးရက  ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းတက်ရေးနှင့် အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် တက်ညီလက်ညီ ဆောင်ရွက်ခြင်းဖြင့် ပညာရေးအခြေခံအုတ်မြစ်သည် တောင့်တင်းခိုင်မာ လာမည်ဖြစ်သည်။ 


အခမဲ့ပညာရေးနည်းလမ်းဖြင့် ပညာရေးကို အားပေးနေသည်။ အားပေးသည်သာမက ပညာရေး ရင်းနှီးမြှုပ်နှံမှုကို အားသွန်ခွန်စိုက် လုပ်ကြ၊ မိဘ ဆရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပညာရေးတာဝန် ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရလိမ့်မည်။ ရေရှည်ဖွံ့ဖြိုး၍ ငြိမ်းချမ်းသာယာမှုရှိစေရန် အားနည်းချက်ဟုဆိုအပ်သော လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးနိမ့်ကျနေခြင်းကို မြင့်မားစေ ရန်၊ နိုင်ငံ့သားကောင်းဖြစ်လာစေရန် အရည်အသွေးမီ ပညာရေးကိုပေးရမည်။ 


ပညာဖြင့် ကြောင်းကျိုးတရားကိုသိရန် ပညာဗဟုသုတ ကြွယ်ဝရေး၊ မှန်မှားဝေဖန်နိုင်စွမ်းရှိရေး၊ မိမိဘဝနှင့် နိုင်ငံတော်၏ အနာဂတ်ကို ထိန်းကျောင်းရာတွင် ပူးတွဲဆောင်ရွက်တတ်ရန်၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်၊ ထဲထဲဝင်ဝင်၊ ခြေခြေမြစ်မြစ် စဉ်းစားနိုင်ရန် အလျှော့အတင်း အပေးအယူမျှတသည့် အစွန်း နှစ်ဖက်ကင်းနိုင်သောစိတ်၊ တရားမျှတသောစိတ်၊ ကောင်းခြင်းမင်္ဂလာအဖြာဖြာကို ဖြန့်ဝေလိုသော စိတ်၊ ငြိမ်းချမ်းစွာ အတူလက်တွဲနေလိုသောစိတ်၊ ပြဿနာဟူသမျှကို ဖြေရှင်းလိုသောစိတ် ပေါက်ဖွားစေရန် အရည်အသွေးမီပညာရေးဖြင့် ဆောင်ကြဉ်း ပေးနိုင်သည်။


စိတ်ထားမြင့်မြတ်သော မေတ္တာတရားရှိသည့် လူများ ဖြစ်သွားစေရမည်။ ရင့်ကျက်သည့် နိုင်ငံ့သားကောင်းများ၊ တွေးခေါ်မြော်မြင်တတ်သူ၊  ဒုစရိုက်ကင်းသူနိုင်ငံသားများ ဖြစ်သွားခြင်းအား ဖြင့် ဒေသငြိမ်းချမ်းရေးကို အထောက်အကူပြု အားပေးရာရောက်မည်။ 


နိုင်ငံတစ်ခုကို ပို၍လုံခြုံအောင် ပညာရေးက ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။ အသက်မွေး ဝမ်းကျောင်းမှုများကို ကိုယ်တိုင်ရှာဖွေနိုင်စွမ်းရှိလာမည်။ မြင့်မားသောကျွမ်းကျင်မှုများဖြင့် ကုန်ထုတ် လုပ်ငန်းများ စိုက်ပျိုးရေးနယ်ပယ်များတွင် တိုးတက် လာမည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးခြင်း၊ ပုံမမှန် ရာသီဥတုဖြစ်ပေါ်ခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း မကြာခဏတိုက်ခတ်ခြင်း၊ တောမီးများလောင်ခြင်း ဘေးအန္တရာယ်မှ ကာကွယ်ရာတွင် ကမ္ဘာအရပ်ရပ် စံနှုန်းမှာ အသက် ၁၁ နှစ်နှင့် အသက် ၆၀ ရှိ အမျိုးသား အမျိုးသမီးတိုင်း တစ်နှစ် သစ်ပင် နှစ်ပင် စိုက်ကြခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းနိုင် ပါသည်။


ကောင်းပါပြီ၊ အတိတ်သမိုင်းကြောင်းတွင် တွေ့ကြုံခဲ့သည်များက သင်ခန်းစာများဖြစ်သည်။ ပစ္စုပ္ပန်တည့်တည့်ရှု၍ ပြုကြရမည်တို့မှာ - 

  • နိုင်ငံတော်ရွှေသီးဖို့ ကြွယ်ဝချမ်းသာဖို့၊ စီးပွားရေးဖွံ့ဖြိုးရန်
  • နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေး ခြင်းဖြင့် ပညာတတ်အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရန်
  • နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်း ကျင်ကို ထိန်းကြရန်ဖြစ်ပါကြောင်း တကယ်လုပ် အဟုတ်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments

Powered by Blogger.