အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ Development phase အုပ်စုဒုတိယပွဲ မြန်မာအသင်းနှင့် ဘရူနိုင်းအသင်း ယနေ့ကစားမည်
ရန်ကုန် စက်တင်ဘာ ၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ Development phase အုပ်စု(K) ဒုတိယနေ့ကို စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည်
ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အုပ်စုဒုတိယနေ့အဖြစ်
ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် ဘရူနိုင်းအသင်း၊ ည ၇ နာရီတွင်
မော်လ်ဒိုက်အသင်းနှင့် သီရိလင်္ကာအသင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သြဂုတ် ၃၁ ရက်က ကျင်းပသည့်
ပထမနေ့တွင် မြန်မာအသင်းက သီရိလင်္ကာအသင်းကို လေးဂိုးပြတ်၊ မော်လ်ဒိုက်အသင်းက ဘရူနိုင်းအသင်းကို
နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသည်။ ယနေ့ကစားမည့် ဒုတိယနေ့တွင် မြန်မာအသင်းရော မော်လ်ဒိုက်အသင်းပါ
ထပ်မံအနိုင်ရပါက နောက်ဆုံးနေ့ ထိပ်တိုက်မတွေ့ဆုံမီ နောက်တစ်ဆင့်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ပထမနေ့တွင် ဂိုးပြတ်အနိုင်ရသော်လည်း
တစ်ဦးချင်းရော အသင်းလိုက်ကစားပုံပါ လိုအပ်ချက်ရှိနေသေးပြီး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်
လိုအပ်နေသည်။
အာရှဘောလုံးအဖွဲ့ချုပ်၏
ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ မြန်မာအသင်းသည် ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မည့်
Qualification phase တွင် ကစားခွင့်မရဘဲ တစ်ဆင့်နိမ့်သည့် Development phase တွင် ကစားနေရခြင်း
ဖြစ်သည်။ ယခုနှစ် Development
phase ခြေစစ်ပွဲတွင်
အုပ်စုသုံးခုပါဝင်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး နှစ်သင်းစီမှာ ၂၀၂၉ ပြိုင်ပွဲတွင်
ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မည့်
Qualification phase သို့ တက်လှမ်းကစားခွင့်ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့်
ထိပ်ဆုံးနှစ်သင်းဝင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
ညီမြတ်သော်တာ

No comments