သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)အား စက်ရုံလည်ပတ်မှုနည်းစဉ် တစ်ဆင့်ချင်းအလိုက် စမ်းသပ်လည်ပတ်နေ
နေပြည်တော် စက်တင်ဘာ ၁၄
သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)အား
စက်ရုံလည်ပတ်မှုနည်းစဉ် တစ်ဆင့်ချင်းအလိုက် စမ်းသပ်လည်ပတ်နေမှုကို ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ယနေ့အချိန်ကာလသည် ကမ္ဘာတစ်ဝန်းတွင်
စက်မောင်းဆီအခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိသည့်အပြင် ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း၊
မိမိတို့နိုင်ငံအနေဖြင့် စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသကဲ့သို့
ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ
ပဋိပက္ခမဖြစ်မီက စက်မောင်းဆီများသည် ရေနံစိမ်းကုန်ကြမ်းထက် ၃၀ ရာခိုင်နှုန်းခန့်သာ
ပိုမိုသော်လည်း ယခုအချိန်တွင် နှစ်ဆခွဲခန့်အထိ မြင့်တက်နေသည့်အတွက် ရေနံချက်စက်ရုံများ
လျင်မြန်စွာပေါ်ထွက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုလည်ပတ်မည့်
စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control
Room အတွင်းမှ ဆောင်ရွက်နိုင်သည့် ပထမဆုံးသော ရေနံချက်စက်ရုံဖြစ်သည်နှင့်အညီ ဝန်ထမ်းများအား
စနစ်တကျ လေ့ကျင့်သင်ကြားပေးထားရန် လိုအပ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် သာကေတနှင့်အလုံ သဘာဝဓာတ်ငွေ့သုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ကြည့်ရှုစစ်ဆေးပြီး သဘာဝဓာတ်ငွေ့များသည် တန်ဖိုးကြီးမားသဖြင့်
အကျိုးရှိထိရောက်စွာ အသုံးပြုရန်လိုအပ်ကြောင်း၊ စက်များ၏စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခြင်းဖြင့်
သဘာဝဓာတ်ငွေ့သုံးစွဲမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း သက်သာသွားမည်ဖြစ်ရာ စက်များအား
ပြန်လည်ပြင်ဆင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသည့်စက်များဖြင့် အစားထိုးအသုံးပြုသွားနိုင်ရေး
အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊
တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင်
အနှောင့်အယှက်အခက်အခဲများ ရှိနေသော်လည်း ဝန်ထမ်းများအားလုံး စုစည်းညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နေကြပါကြောင်း၊
၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အားဖြန့်ဖြူးနိုင်မှုကို
နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်ပြီး တစ်လပျမ်းမျှယူနစ် ၁၉၇၈ သန်းဖြန့်ဖြူးနေပါကြောင်း၊
လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံခဲ့ရခြင်းမရှိပါက
တစ်လပျမ်းမျှယူနစ် ၂၂၄၀ သန်း အထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက
တစ်လပျမ်းမျှဖြန့်ဖြူးနိုင်မှု ၂၁ ရာခိုင်နှုန်းတိုးတက်လာပါကြောင်း၊ ယခုကဲ့သို့တိုးတက်လာမှုသည်
ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်မှုအပြင် ဓာတ်အားခိုးယူသုံးစွဲမှုများကို ဖော်ထုတ်အရေးယူနိုင်ခြင်းသည်လည်း
အဓိကပါဝင်ပါကြောင်း၊ ပြည်သူများအားကိုးအားထားပြုရပြီး နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုအတွက်
အားကိုးအားထားပြုရသည့် လျှပ်စစ်ဓာတ်အားပေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများနှင့်
ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအားလုံးသည် စေတနာအရင်းခံ၍ ဝန်ဆောင်မှုပေးကြပါရန် တိုက်တွန်းပါကြောင်း
ပြောကြားသည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း
လျှပ်စစ်မီတာများ တိုးမြှင့်တပ်ဆင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် အစီအမံများကို
ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



No comments