ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၃ ဒသမ ၈ ပေ ဆက်လက်ရေကျော်စီးဆင်းလျက်ရှိ

 


ပွင့်ဖြူ စက်တင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံမှာ ယနေ့နံနက် ၆ နာရီ တိုင်းထွာရာတွင် တမံရေပိုလွှဲမှ ၃ ဒသမ ၈ ပေ ဆက်လက် ရေကျော်စီးဆင်းလျက်ရှိသည်။

 

ကောင်းမွန်လျက်ရှိ

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံမှာ ရေပြည့် အမှတ်ပေ ၃၄၀ ဖြစ်ပြီး ဩဂုတ်လပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တမံအတွင်း မိုးရေများ ဝင်ရောက်ခဲ့ကာ တမံရေပိုလွှဲမှ ရှစ်ပေကျော်အထိ ရေကျော်စီးဆင်းမှု ရှိခဲ့ကြောင်း၊ အဆိုပါတမံရေပိုလွှဲမှ ရေကျော် ကျမှုအခြေအနေများကို တာဝန်ရှိသူများက အများပြည်သူ သိရှိနိုင်ရန်အတွက် နေ့စဉ်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ မိုးရွာသွန်းမှု ရပ်တန့်သွားခဲ့သဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု ပြန်လည် လျော့နည်းကျဆင်းလာရာ တမံရေပြည့်အမှတ်ဖြစ်သည့် ပေ ၃၄၀ အထက် တမံရေပိုလွှဲမှ ၃ ဒသမ ၈ ပေခန့်သာ ဆက်လက်ရေကျော် စီးဆင်းလျက်ရှိကြောင်းနှင့် တမံနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိသည်။

 

အဆိုပါ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ဒေသခံပြည်သူများအတွက် (နွေ၊ မိုး၊ ဆောင်း) စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ ဖူလုံစွာ အကျိုးပြုပေးလျက်ရှိပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် တောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments

Powered by Blogger.