ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်ကျော်တစ်ရက်နေ့၌ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးများဖြင့် စည်ကားလျက်ရှိ
ညောင်ဦး စက်တင်ဘာ ၂၇
တော်သလင်းလပြည့်ကျော် တစ်ရက်နေ့တွင်
မြန်မာပြည်အရပ်ရပ်မှ ပုဂံ - ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာပြည်သူများဖြင့်
စည်ကားလျက်ရှိကြောင်း ပုဂံမြို့ လောကနန္ဒာ စွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။
ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့
မြန်မာပြည်အရပ်ရပ်မှ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်)နေ့နှင့် တနင်္ဂနွေ ရုံးပိတ်ရက်ဆက်သွားခြင်းနှင့်အတူ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိရာ သမိုင်းအထင်ကရဘုရားများ
ဖြစ်သည့် တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံစေတီ၊
အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ သဗ္ဗညုဘုရား၊ ငှက်ပစ်တောင်ဘုရား၊
မဟာဗောဓိဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ပြာသာဒ်ကြီးဘုရား၊
ဓမ္မရာဇကဘုရား၊ ရွှေဆံတော်စေတီ၊ မနူဟာဘုရား၊ မြစေတီဘုရားတို့တွင်သာ ဘုရားဖူး လာရောက်သူများပြားသည်သာမကပဲ
ရှင်အဇ္ဇဂေါဏဘုရား၊ ဝိနည်းဓိုရ်ဘုရား၊ နရသီဟပတေ့ဘုရား၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊
ဆင်ဖြူရှင်အုတ်ကျောင်းတိုက်၊ ရင်မနားဘုရားစု၊ ဆူးလေကုန်းဘုရားစု၊ ခေမင်္ဂဘုရားစု၊ ဝတ္တနထောဘုရားစု၊
သစ္စာမဏ္ဍိုင်ဘုရား၊ တာမဏီဆုတောင်ပြည့်ဘုရား၊ မလုံးဖြစ်၊ မလာဖြစ်ဘုရားတို့တွင်လည်း
ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။
ဘုရားဖူးလာရောက်သူများသည် မြင်းလှည်း
စီးခြင်း၊ လက်အလှပန်းချီဆွဲခြင်း၊ ရိုးရာသနပ်ခါး လိမ်းခြယ်ခြင်း၊ ပုဂံဒေသထွက် တူညီဝတ်စုံများ
ဝတ်၍ဘုရားဖူးထွက်ကြခြင်းများကြောင့် အီးဗိုက်အငှားလိုက်သူများ၊ မီနီအိုးဝေအငှားလိုက်သူများ၊
ဧည့်ကားအငှားလိုက်သူများ၊ စားသောက်ဆိုင်များ ဝင်ငွေတွက်ခြေကိုက်လျက်ရှိကာ ဟိုတယ်၊ မိုတယ်၊
တည်းခိုခန်းတို့တွင်လည်း တည်းခိုသူများပြားလျက်ရှိနေကာ တော်သလင်းလပြည်နေ့နှင့် လပြည့်ကျော်
တစ်ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း
သိရသည်။
ဒီပါလင်း

No comments