ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဖလမ်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ဖလမ်း စက်တင်ဘာ ၂၆
ဖလမ်းမြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်နည်းတူ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့များသည် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက် ဗန်ကာအိုလမ်းတစ်လျှောက် လမ်းဘေး ဝဲ/ယာရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ တောင်ဇလပ်လမ်းတစ်လျှောက်ရှိ အမှိုက်သရိုက်များ ရှင်းလင်းနေမှု၊ ရန်ပြေမာန်ပြေနိုင်ငံအေးအောင်တော်မူ ဓာတ်ပေါင်းစုဆုတောင်းပြည့်စေတီတော် ပရိဝုဏ်အတွင်း စောင်းတန်းတစ်လျှောက်နှင့် စေတီရင်ပြင်တော်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး စုပေါင်းလုပ်အားပေးကြသည့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ စုစုပေါင်း ၂၅၆ ဦးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့အတူ ယမန်နေ့က ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖာရ်ထောက်ရပ်ကွက်ရှိ စိန်ဂျိုးဇက် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ သွားရောက်ကာ မူလတန်းကြိုကျောင်း ကလေးများအား အာဟာရတိုက်ကျွေးနေမှုကို ကြည့်ရှုအားပေးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွက် ထောက်ပံ့သည့် အလှူငွေနှင့် သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။
ထို့မှတစ်ဆင့် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ခရိုင်ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments