စက်ရုံများ အော်ဒါကျဆင်းပြီး ပိတ်သိမ်းစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စေရေးတို့အတွက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများ၏ မဟုတ်မမှန်သတင်းများ ဖြန့်ဝေသွေးထိုးလှုံ့ဆော်မှုများ သိရှိနားလည်ကြရန်လိုအပ်
ရန်ကုန် စက်တင်ဘာ ၂၆
စက်ရုံများ အော်ဒါကျဆင်းပြီး ပိတ်သိမ်းစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်စေရေးတို့အတွက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများ၏ မဟုတ်မမှန်သတင်းများဖြင့် ဖြန့်ဝေသွေးထိုးလှုံ့ဆော်မှုများကို သိရှိနားလည်ကြရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကနောင်ခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံများ ပုံမှန်လည်ပတ်၍ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
ထို့ပြင် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းတည်မြဲရေးနှင့် လုပ်ငန်းခွင်အေးချမ်း သာယာရေးအတွက် အလုပ်သမားဝန်ကြီးဌာနက မျက်ခြည်မပြတ်စောင့်ကြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်များကလည်း အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တင်ပြချက်များကို အလေးထားဖြေရှင်းပေးခြင်း၊ အလုပ်သမားများကလည်း အမှာစာများ မဆုံးရှုံးရအောင် စက်ရုံ၏ စည်းကမ်းချက်များကို လိုက်နာကာ လုပ်ငန်းခွင်အေးချမ်းသာယာ ရေးအတွက် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး လုပ်ကိုင်ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းခွင်အေးချမ်း သာယာမှုကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ စက်မှုဇုန်များမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဆွေးနွေးတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) တို့မှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် မန်နေဂျာများ၊ ရန်ကုန်မြို့ရှိ စက်မှုဇုန်အားလုံးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)၊ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (STUM) တို့မှ တာဝန်ရှိသူများနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments