ပြည်-ပုဂံရထားလမ်းပိုင်းရှိရန် ပယ်ချောင်းတံတား ပြုပြင်ဆောင်ရွက်လျက်ရှိ

 



နေပြည်တော် စက်တင်ဘာ ၃


တောင်တွင်းကြီးမြို့နယ် ပြည်-အောင်လံ-ဆတ်သွား-ပုဂံရထားလမ်းပိုင်း၊ ဝက္ကသေးနှင့် ဆတ်သွားဘူတာအကြား အရှည်ပေ ၄၀၀ ရှိ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ်တံတား အမှတ်(၃၄၃) ရန်ပယ်ချောင်းတံတားကို ပို့ဆောင်ရေးဝန်ကြီးဌာနက ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရန်ပယ်ချောင်းကူး ရထားလမ်း တံတား၏ နိမ့်ကျနေသော ရေလယ်တိုင် အမှတ် (၂) နှင့်(၃) တို့ကို Rerailing Equipment (စက်ဂျိုင့်)များနှင့် မတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်အတွင်း ရေများ စီးဆင်းမှုမရှိစေရေး ရေကာတန်းများပြုလုပ်၍ ရေလမ်းကြောင်းပြောင်းကာ စက်ယန္တရားများ ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် သည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က လုပ်ငန်းဆောင်ရွက်စဉ် ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-ပျဉ်းမနား-တောင်တွင်း ကြီးမှတစ်ဆင့် ပုဂံသို့သွားလာနေရသဖြင့် သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်၊ စက်တင်ဘာလနောက်ဆုံးအပတ်တွင် ရထားများ ပြန်လည်ပြေးဆွဲနိုင်ရန်၊ တံတား နှင့်အတူ တံတားပေါ်တွင် သံလမ်းခင်းခြင်း လုပ်ငန်း အပြီးသတ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ် စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေးတို့ကို ဂရုပြုကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။


အဆိုပါတံတားသည် ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော တံတားတစ်စင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ရေလယ်တိုင် နိမ့်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.