ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်း အများပြည်သူ အနားယူအပန်းဖြေရာအဆောက်အအုံနှင့် ငါးပြတိုက်အဆောက်အအုံများ တည်ဆောက်လျက်ရှိ

 



ရန်ကုန် စက်တင်ဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီးသဘာဝဥယျာဉ် အတွင်း အများပြည်သူ အနားယူအပန်းဖြေရာ အဆောက်အအုံနှင့် ငါးပြတိုက် အဆောက်အအုံများ တည်ဆောက်လျက်ရှိသည်။


ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း Myanmar Aqurium Co., Ltd က တည်ဆောက်လျက် ရှိသည့် အများပြည်သူ အနားယူအပန်းဖြေရာ အဆောက်အအုံနှင့် ငါးပြတိုက်အဆောက်အအုံများရှိ တောတွင်း ငါးမျိုးစိတ်ပြကွက်၊ ရေချိုငါးမျိုးစိတ် ပြကွက်၊ ရေချိုရေနက်ပိုင်း ငါးမျိုးစိတ်ပြကွက်၊ မြစ်နှင့် အဏ္ဏဝါပြကွက်၊ ပုံသဏ္ဌာန်စုံ ငါးအလှပြကွက်၊ ဝေလငါးအရိုးစုနှင့် ဒီဂျစ်တယ်အဏ္ဏဝါပြကွက်၊ ဒီရေတော ဒေသဇီဝမျိုးစုံမျိုးကွဲများပြကွက်၊ သန္တာကျောက်တန်းနှင့် ရောင်စုံငါးအလှပြကွက်၊ အပူပိုင်းဒေသ ရေအောက်ကမ္ဘာပြကွက်၊ ထူးခြား ဆန်းပြား ဂျယ်လီငါးပြကွက်၊ ထိတွေ့ခံစားရေသတ္တဝါ များပြကွက်၊ Under Water World ပြကွက်နှင့် ဆိုင်ခန်းများ တည်ဆောက်ပြီးစီးမှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။


ထို့အတူ ကန်တော်ကြီး ရေပြင်သန့်ရှင်းမှုရှိစေရေး AQURAMARINE ဒိုက်ဆယ်ယူစက်ဖြင့် ဒိုက်နှင့် အမှိုက်များ ဆယ်ယူခြင်း၊ သစ်ကိုင်းကြိတ်စက်ဖြင့် သစ်ကိုင်းများ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


အလားတူ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများနှင့် ပြည်သူများ စုပေါင်း၍ ထန်းတပင်မြို့နယ် အစုကြီးကျေးရွာအုပ်စု ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင် ၈ မိုင်နှင့် ၅ ဖာလုံရှိ လမ်းဘေး ဝဲ/ယာ ရေမြောင်းများတွင် အမှိုက်များ ဆယ်ယူခြင်း၊ ပိတ်ဆို့နေသော ရေမြောင်းများ ဆယ်ယူခြင်းနှင့် မြောင်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ လှည်းကူးမြို့နယ် ကြာအင်း အနောက်ကျေးရွာအုပ်စု ဆုံကုန်းကျေးရွာ၌ ရေမြောင်းများ ဆယ်ယူခြင်းနှင့် မြောင်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး သံတမန်ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ယူနန်ပြည်နယ် အမြဲတမ်း ဒုတိယအုပ်ချုပ်ရေး မှူး မစ္စတာ ကျောက်ကျွင့်မင်နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.