တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့) စတင်ကျင်းပ

 



မန္တလေး စက်တင်ဘာ ၂၂


တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီက အောင်မြေ သာစံမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ် (၉)ရပ်ဖြင့် ကျင်းပသည်။


အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၆၉ ဦး တက်ရောက်ကြသည်။


အစီအစဉ်အရ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး က မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း ၁၃ ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုသော “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၏ အမည်စာရင်းကို လွှတ်တော်သို့ ကြေညာခြင်းနှင့် အမည်စာရင်း တင်သွင်းထားသည့် ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်း နိုင်ကြောင်း ကြေညာသည်။


ထို့နောက် တိုင်းဒေကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၁၁ နာရီခွဲတွင် ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၄ ရက် နံနက် ၁၀နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မော်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.