တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

 



နေပြည်တော် စက်တင်ဘာ ၂၂


တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးရှေ့မှောက်၌ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးက ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။


ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၇ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။


ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါကြောင်း။


မိမိတို့ အမျိုးသားလွှတ်တော်သည် ပြီးခဲ့သည့် ဒုတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံတော်အတွက် လိုအပ်သည့်ဥပဒေကြမ်းများကို ဆွေးနွေးခြင်း၊ ပြည်သူလူထု၏ အသံနှင့် လိုအပ်ချက်များကို ဖော်ထုတ်ပေးနိုင်မည့် မေးခွန်းနှင့်အဆိုများကို ဆွေးနွေးဆုံးဖြတ်ခြင်း စသည့် လွှတ်တော်၏တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။


ယခုကျင်းပသည့် တတိယပုံမှန်အစည်းအဝေးတွင်လည်း နိုင်ငံတော်အတွက် လိုအပ်သည့်ဥပဒေကြမ်းများ ဆွေးနွေးခြင်း၊ ပြည်သူ့အကျိုးပြု မေးခွန်းများနှင့် အဆိုများကို ဆွေးနွေးခြင်းစသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း။


လွှတ်တော်ကော်မတီ အသီးသီးအနေဖြင့်လည်း မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကော်မတီအလိုက် မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် ဥပဒေများထဲမှ လေ့လာပြီး ဥပဒေများကိုလည်း တွေ့ရှိချက်များ တင်ပြပေးရန်ဖြစ်ကြောင်း။


ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေကြမ်းတင်သွင်းရန်ရှိလာပါက တစ်ပြေးညီဖြစ်စေရန် တင်သွင်းရမည့် နမူနာပုံစံများကိုလည်း ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ မိမိတို့ကော်မတီများအလိုက်ဆောင်ရွက်ရန် တာဝန်ရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ရာတွင် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း။


ယခုတတိယပုံမှန် အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် မိမိတို့၏ အသိ၊ ဉာဏ်ပညာ၊ အတွေ့အကြုံများနှင့် စေတနာများကိုအရင်းခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းနှုတ်ခွန်းဆက်သ အပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဒေါ်မာလာဆန်း၏ ပညာရေးဝန်ထမ်းများအား ရာထူးတိုး/ပြောင်းရွှေ့ နေရာချထားပေးရာတွင် ဝန်ထမ်းများ မူလနေရပ်ဒေသရှိ အခြေခံကျောင်းများ၌ ဦးစားပေးနေရာချထားရန် အစီအစဉ် ရှိ၊ မရှိနှင့် ဆရာ၊ ဆရာမများ လစ်လပ်မှုများပြားသော ကျေးလက်ကျောင်းများတွင် ဒေသခံ ဆရာ၊ ဆရာမများဖြင့် အစားထိုးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ လစ်လပ်နေရာများတွင် ဖြည့်ဆည်းခန့်ထားရာ၌ ကျောင်းသားဦးရေအရ ဆရာလိုအပ်ချက်ရှိသော ကျောင်းများအား ဦးစားပေးဖြည့်ဆည်း ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း။


နယ်မြေဒေသမအေးချမ်းသည့် ဒေသမှ ဆရာ၊ ဆရာမများကို နီးစပ်ရာဒေသများတွင် တွဲဖက်ပေးထားခြင်းဖြင့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြည့်ဆည်းခန့်ထားရာတွင် ရာထူးတိုး သို့မဟုတ် အပြောင်းအရွှေ့ လျှောက်ထားသော ပညာရေးဝန်ထမ်း၏ ဦးစားပေးအလိုက် ဆန္ဒပြုကျောင်းနှင့် ဒေသအား လုပ်သက်ရမှတ်၊ တန်းစီဇယားတို့နှင့် လစ်လပ်နေရာတို့အပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆရာ၊ ဆရာမများ လစ်လပ်လျက်ရှိသော ကျောင်းများတွင် ပညာရေးဒီဂရီ ကောလိပ်သင်တန်းဆင်းများအား လျာထားခန့်ထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလော လစ်လပ်မှုရှိနေသည့် ကျောင်းများတွင် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၏ အစီအစဉ်ဖြင့် ပြည်နယ်တွင်း အစားထိုးဖြည့်ဆည်း၍ သင်ကြားရေးအောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။


တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးစိုးကြည်၏ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက် သုခ (၃) လမ်းရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးလျက်ရှိသော မြေသားလမ်း ပေ ၈၂ဝ အား ကွန်ကရစ်လမ်းခင်းပေးရန်၊ ပြိုကျပျက်စီးနေပြီဖြစ်သော ကျောင်းခြံစည်းရိုးအုတ်တံတိုင်းနှင့် အသစ်ပြုလုပ်ရန်ကျန်ရှိသော ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ၈၁၉ ပေအား ပြုလုပ်ပေးရန်အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလအတွင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း သုံးခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းနှစ်ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်းတစ်ခု၊ ရုံးများအသစ် ဆောက်လုပ်ခြင်းလုပ်ငန်းတစ်ခု၊ သိပ္ပံဆောင်များအသစ်ဆောက်လုပ်ခြင်းတစ်ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းလေးခု စုစုပေါင်းလုပ်ငန်း ၁၂ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၅၄၈၁ ဒသမ ၈၀၀ သန်း ပါဝင်ပါကြောင်း။


အဆိုပါ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းခြံစည်းရိုးပတ်လည် ပေ ၂၂၀၀ ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပေ ၇၀၀၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပေ ၄၃၀ ကို ဌာနရန်ပုံငွေဖြင့် ကာရံခဲ့ပြီး ၂၅၁ ပေအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကာရံထားပြီးဖြစ်ပါကြောင်း၊ လိုအပ်သည့် ၈၁၉ ပေအား အုတ်တံတိုင်း ကာရံပေးနိုင်ရန် အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ဖြင့်လည်းကောင်း၊ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးနေသော ကျောင်းအဝင်လမ်း (ပေ ၈၂၀ x ၄ ပေ x ၃ လက်မထု) အား ကွန်ကရစ်လမ်းခင်းပေးရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ဖြင့်လည်းကောင်း ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီ ဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဦးဉာဏ်ထွန်း၏ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၂ဝ x ၃ဝ x ၁၂)ပေရှိ အန္တရာယ်ရှိသော တစ်ထပ် (ငုဝါဆောင်) အားဖျက်သိမ်း၍ ပေ (၁၄၀ x ၃၀) RCC သုံးထပ် ကျောင်းဆောင်သစ်တစ်ဆောင်ကို ၂ဝ၂၆ - ၂ဝ၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မြိတ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား ၁၅၉၃ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၈၇၀၊ အထက်တန်းအဆင့် ကျောင်းသား ၇၇၄ ဦး စုစုပေါင်း ကျောင်းသား ၃၂၃၇ ဦးရှိပြီး ကျောင်းဆောင်များအနေဖြင့် စုစုပေါင်း ကျောင်းဆောင် ၁၅ ဆောင်၊ စာသင်ခန်း ၅၇ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်း များဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် လက်ရှိစာသင်ခန်း ၅၇ ခန်းဖြင့် သင်ကြားနေရသည့်အတွက် စာသင်ခန်းထပ်မံလိုအပ်နေပြီး အန္တရာယ်ဆောင်ဖြစ်သည့် ငုဝါဆောင် ပေ (၁၂၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်ဆောင်အား ဖျက်သိမ်း၍ ပေ (၁၄၀ x ၃၀) RCC သုံးထပ် ဆောက်လုပ်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဦးစိုးမင်းစမ်း၏ မွန်ပြည်နယ် ကျိုက်ထိုခရိုင် ဘီးလင်းမြို့နယ် ကင်းရွာကျေးရွာရှိ ကင်းရွာ အခြေခံပညာအထက်တန်းကျောင်းမှ မြနန္ဒာကျောင်းဆောင်သည် သက်တမ်း ၂၉ နှစ်ရှိပြီး အလွန်ဆိုးရွားစွာ ပျက်စီးနေပြီဖြစ်ပါသောကြောင့် ၎င်းကျောင်းဆောင်အားဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် ဆောက်လုပ်ပေးမည်ဆိုပါက အစောဆုံး ဘတ်ဂျက်တွင် ထည့်သွင်းဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း စုစုပေါင်းလုပ်ငန်း ၁၂ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၂၆၆၆ ဒသမ ၆၇၀ သန်း ပါဝင်ပါကြောင်း၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာ-အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား ၃၈၉ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၅၄၆ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ၁၃၅ ဦး၊ ကျောင်းသားပေါင်း ၁၀၇၀ တက်ရောက်သင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါ ကျောင်းတွင် အန္တရာယ်ရှိကျောင်းဆောင် မြနန္ဒာအဆောင်အပါအဝင် ကျောင်းဆောင်ခုနစ်ဆောင်တွင် စာသင်ခန်း ၃၁ ခန်းဖြင့် သင်ကြားသင်ယူမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


အဆိုပါကျောင်းဆောင်များအနက် မြနန္ဒာဆောင် ပေ (၁၅၀ x ၃၀) အုတ်ညှပ် တစ်ထပ်ဆောင်တွင် ဘီးလင်းမြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းဆောင်စိစစ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးချက်အရ သက်တမ်း ၂၇ နှစ်ရှိပြီး ကျောင်းဆောက်လုပ်စဉ်က လယ်ယာမြေဖြစ်သောကြောင့် ယခုအခါ ကျောင်းဆောင်၏ အောက်ခြေကြမ်းခင်းများနှင့် အုတ်နံရံများကွဲအက်နေခြင်း၊ အမိုးနှင့်မျက်နှာကြက်မိုးယိုမှုများ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါ ကျောင်းဆောင်အားဖျက်သိမ်းပြီး ကျောင်းသားဦးရေအရ လိုအပ်နိုင်သည့်အပေါ်တွင် စိစစ်၍ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောက်လုပ်ပေးနိုင်ရေး တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။


စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၃) ဒေါ်ကျော့ယဉ်ဝင်း၏ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ တစ်ထပ်ကျောင်းဆောင် နှစ်ဆောင်နှင့် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲအတွင်းရှိ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်တို့မှာ ကျောင်းဥပဓိရုပ်မကောင်းတော့ဘဲ ယိုယွင်းပျက်စီးဆွေးမြည့်နေပြီဖြစ်ပါသဖြင့် ဖျက်သိမ်းခွင့်ပြုရန်နှင့် ၎င်းနေရာများတွင် အစားထိုးလျက် (၁၇ဝ x ၃ဝ x ၂၅) ပေ RCC နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် (၁ဝဝ x ၃ဝ x ၂၂) ပေ RCC နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်တို့အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကလေးဝ-အခြေခံ ပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့် ကျောင်းသား ၆၁၁ ဦး၊ အထက်တန်းအဆင့် ကျောင်းသား ၁၉၇ ဦး စုစုပေါင်း ကျောင်းသား ၈၀၈ ဦး သင်ကြားလျက်ရှိပြီး ကျောင်းဆောင်များအနေဖြင့် အန္တရာယ်ဆောင် ပေ (၉၆ x ၃၀) သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်၊ အန္တရာယ်ဆောင် ပေ(၈၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်အပါအဝင် စုစုပေါင်း ကျောင်းဆောင်ခုနစ်ဆောင်၊ စာသင်ခန်း ၃၅ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


အဆိုပါ ကလေးဝ- အခြေခံပညာအထက်တန်းကျောင်းတွင် အန္တရာယ်ရှိနေသော ကျောင်းဆောင်နှစ်ဆောင်အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းခွင့်များ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားဦးရေ တိုးတက်လာသည့်အပေါ်မူတည်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး ဦးစားပေးအစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် မူလတန်းအဆင့် ကျောင်းသား ၂၈၁ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၇၃ ဦး စုစုပေါင်း ကျောင်းသား ၃၅၄ ဦး သင်ကြားလျက်ရှိပြီး အဆိုပါ ကျောင်းတွင် အန္တရာယ်ဆောင် (၄၅ x ၃၀) ပေ သွပ်မိုး၊ အုတ်ညှပ်နှစ်ထပ်ဆောင် အပါအဝင် ကျောင်းဆောင်လေးဆောင်၊ စာသင်ခန်း ၁၂ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် အန္တရာယ်ဆောင်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းခွင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားဦးရေ တိုးတက်လာသည့်အပေါ် မူတည်ပြီး ဖျက်သိမ်းသည့်မြေနေရာတွင် ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးဇော်ဝင်းသန့်၏ ကျောင်းသားလူငယ်များ မိုဘိုင်းဖုန်းအသုံးပြုမှုအန္တရာယ်မှ ကင်းရှင်းနိုင်စေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲခွင့်နှင့်ပတ်သက်၍ အမိန့်နှင့်ညွှန်ကြားချက်များ တင်းတင်းကျပ်ကျပ်ထုတ်ပြန်၍ တားမြစ်ထားခြင်း ရှိ/မရှိ၊ ထုတ်ပြန်တားမြစ်ထားချက်အပေါ် မလိုက်နာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်ကို တိကျသောညွှန်ကြားချက်များ ချမှတ်ပေးထားခြင်း ရှိ/မရှိနှင့် ကလေးသူငယ်ဆိုင်ရာ အွန်လိုင်းဥပဒေရေးဆွဲ၍ ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အခြေခံပညာကျောင်းများတွင် အခြေခံပညာကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများကို အနှောင့်အယှက်မဖြစ်စေရန်၊ သင်ယူမှုအရည်အသွေး မြှင့်တင်စေရန်နှင့် ကျောင်းစည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးတို့၏ အဆင့်ဆင့်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ အထက်တန်း/အလယ်တန်း/ မူလတန်းကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းတို့ကို တင်းတင်းကျပ်ကျပ်တားမြစ်သည့် စည်းကမ်းချက်များထုတ်ပြန်၍ ကျောင်းသား ကျောင်းသူများ လိုက်နာဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်လျက်ရှိပါကြောင်း။


နည်းပညာခေတ်တွင် Mobile Phone ကဲ့သို့ Tablet, iPad, Computer (Desktop, Laptop) စသည့် Digital Device များ အသုံးပြုခြင်းဖြင့် အထွေထွေဗဟုသုတများ၊ ကျောင်းသင်ခန်းစာနှင့် သက်ဆိုင်သောအကြောင်းအရာများ၊ ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ သင်ကြားမှုများအပြင် အခြားနည်းပညာဆိုင်ရာ အကြောင်းအရာမျိုးစုံကို လေ့လာဆည်းပူးနိုင်ပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုများအား လေ့လာသင်ယူနေသည့် မျိုးဆက်သစ်များအနေဖြင့် နည်းပညာလေ့လာလိုက်စားပြီး ကျွမ်းကျင်ရန်လည်း လိုအပ်ပါကြောင်းနှင့် မိုဘိုင်းဖုန်းကန့်သတ်ခြင်း၏ ရည်ရွယ်ချက်မှာ ကလေးငယ်များ ဖုန်းအလွန် အကျွံသုံးစွဲခြင်းမှကာကွယ်ရန်၊ မကောင်းသည့် အကျင့်စရိုက်များ ကူးစက်နိုင်ခြင်း၊ အတုယူမှားခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်း စသည့် ဆိုးကျိုးများအား တားမြစ်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း။


မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ကျောင်းသားကလေးသူငယ်များ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းချက် မရှိသေးသော်လည်း ကျောင်းသားကလေးသူငယ်များအား အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုခြင်း၊ အမြတ်ထုတ်ခြင်းတို့နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်း၊ အရေးယူခြင်းများ ပြုလုပ်နိုင်ပါကြောင်း။


သို့ပါ၍ ကျောင်းသားလူငယ်များ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲမှုကို ထိထိရောက်ရောက် တားမြစ်နိုင်သော်လည်း ကျောင်းချိန်ပြင်ပအချိန်များတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ မည်ဆိုပါက ပိုမိုအကျိုးရှိသည့်ရလဒ်များရနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းများမှ လှူဒါန်းမှုကို ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်း၊ ဦးအောင် တင်မြင့်၊ ဦးအောင်ကျော်မင်းနှင့် ဒေါ်ဇင်ပပဦးတို့က သွားရောက်လှူဒါန်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါကြောင်း၊ ထိုသို့လှူဒါန်းခြင်းအား အမျိုးသားလွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာသည်။


ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယနေ့ကို စက်တင်ဘာ ၂၄ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.