လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် တန်ဖိုးကွင်းဆက်တစ်ခုလုံးဖွံ့ဖြိုးရေး (ကြေးမုံ)



“လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ထုတ်လုပ်မှု - ကုန်ကြမ်း - ပြုပြင်ထုတ်လုပ်မှု - တန်ဖိုးမြှင့်ထုတ်ကုန် - စက်မှုလုပ်ငန်း - ပြည်တွင်းစားသုံးမှု - ပြည်ပပို့ကုန်ဆိုသည့် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို တစ်ဆက်တည်းစဉ်းစားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအတွက် လယ်ယာကဏ္ဍသည် စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအကျဆုံး ကဏ္ဍတစ်ရပ်ဖြစ်သည်။ လယ်ယာကဏ္ဍသည် စားရေရိက္ခာထုတ်လုပ်ပေးသည့် ကဏ္ဍတစ်ခုသာမက စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်းများကို ပံ့ပိုးနိုင်သည့်ကဏ္ဍလည်းဖြစ်သည်။ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးအဖြစ် သာမရှုမြင်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ တန်ဖိုးမြှင့် ထုတ်ကုန်မှ စက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပ ပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန် တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်အဖြစ် ဆောင်ရွက် ရမည်ဖြစ်သည်။

 

ယနေ့ကမ္ဘာတွင် နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ကဏ္ဍတစ်ခုချင်းစီကို သီးခြားခွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရုံဖြင့် မလုံလောက်တော့ပေ။ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေး ကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေး ကဏ္ဍတို့အကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင်တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ ထို့ကြောင့် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် “လယ်ယာထွက်ကုန် မည်မျှပိုထွက်အောင်လုပ်မလဲ” မေးခွန်းတစ်ခုတည်းမဟုတ်ဘဲ “ထွက်ရှိလာသည့်လယ်ယာထွက်ကုန်များ၏ တန်ဖိုးကို မည်ကဲ့သို့မြှင့်တင်ပြီး နိုင်ငံ့ထုတ်ကုန်အဖြစ် မည်သို့ပြောင်းလဲမည်လဲ” ဟူသည့်အချက်ကို နိုင်ငံတော်သမ္မတက သုံးသပ်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ယင်းတို့ အနက် အလုပ်လုပ်သူများ၏ ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍများကို အခြေခံသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်။ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့် သည် ဆင်းရဲနွမ်းပါးကဏ္ဍတွင်ရှိနေသောကြောင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရေးသည် အရေးကြီး သည့်အချက်ဖြစ်သည်။ မိရိုးဖလာလုပ်ကိုင်နေသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကို စနစ်တကျပြောင်းလဲဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များရရှိရေး ဆောင်ရွက်မှသာ တောင်သူများ ဝင်ငွေတိုးတက်ရရှိလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု အားကောင်းလာခြင်း၊ ပို့ကုန်တိုးတက်လာခြင်းမှသည် နိုင်ငံ့ထုတ်ကုန်နှင့် နိုင်ငံ့ စီးပွားတိုးတက်လာမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မဟာဗျူဟာအရ အချက်အချာကျသည့်အပြင် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင်တည်ရှိပြီး ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်နေထိုင်သည့် စက်ဝန်းအတွင်း တည်ရှိသောကြောင့် ဒေသတွင်းနိုင်ငံများအပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်ကြီး များသို့ လယ်ယာနှင့် မွေးမြူရေးထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်ပြီး တင်ပို့နိုင်သည့် အလားအလာ ကောင်းများရှိနေသည်။ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံသုံးနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် ရာသီဥတုနှင့်မြေဆီလွှာကောင်းမွန်မှု၊ ကျယ်ပြန့်သည့်စိုက်ပျိုး မြေများ၊ ရှည်လျားသည့် ကမ်းရိုးတန်းနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှု တို့သည် မြန်မာနိုင်ငံ၏ အားသာချက်များဖြစ်သည်။ အဆိုပါ သဘာဝအားသာချက် များကို ထိရောက်စွာအသုံးချပြီး ပြည်တွင်းစားရေရိက္ခာဖူလုံရေးအပြင် အရည် အသွေးမြင့် လယ်ယာထွက်ကုန်များထုတ်လုပ်ကာ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက် နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးအဖြစ်သာ မရှုမြင်ဘဲ ထွက်ရှိလာသည့် လယ်ယာထွက်ကုန်များ၏တန်ဖိုးကို မည်ကဲ့သို့မြှင့်တင်ပြီး နိုင်ငံ့ထုတ်ကုန် အဖြစ် မည်ကဲ့သို့ပြောင်းလဲထုတ်လုပ်မည် ဟူသည့်အချက်အား လယ်ယာကဏ္ဍ တန်ဖိုးကွင်းဆက် တစ်ခုလုံးကို တစ်ဆက်တည်းစဉ်းစားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments

Powered by Blogger.