ဧရာဝတီတိုင်းဒေသကြီး၏ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင် ရှစ်ခရိုင်မှ ပြိုင်ပွဲဝင် ၅၄၉ ဦး ပါဝင်ယှဉ်ပြိုင်

 


ပုသိမ် စက်တင်ဘာ ၉

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရှစ်ခရိုင်မှ ပြိုင်ပွဲဝင် အဆို ၁၅၉ ဦး၊ အက ၂၀၉ ဦး၊ အရေး ၁၂ ဦး၊ အတီး ၁၆၉ ဦး စုစုပေါင်း ၅၄၉ ဦးပါဝင်ပြီး ဘာသာရပ်အလိုက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၏ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမန်းသိန်းကျော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပညာအလင်္ကာ တေးဂီတအဖွဲ့က ရွှေခေတ်ရောက်ပြီ ဒို့ဧရာဝတီ ၊ မြောင်းမြပညာရေး ဒီဂရီကောလိပ် ကျေးလက်ရိုးရာယိမ်းအဖွဲ့က ဖွံ့ဖြိုးဝေစည် ဧရာဝတီတေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုကပြခဲ့ကြသည်။

 

အဆိုပါ ဧရာဝတီတိုင်းဒေသ ကြီး၏ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက် မြောက်ကျေးရွာအုပ်စု မြတ်ဓမ္မ ရောင်ခြည် သာသနာ့ဗိမာန်တော်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လေးမျက်နှာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကား ပြောကြားကြပြီး ဆန်ရိက္ခာနှင့် ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့အတူ ကွင်းကောက်မြောက် ကျေးရွာအုပ်စု တလုတ်ကုန်းကျေးရွာ ရတနာဓမ္မဗိမာန်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

နံနက်ပိုင်းကလည်း ဟင်္သာတမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာ၌ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဟိန္ဒူမိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့ (မြန်မာ)က ဓာတ်မီး အလုံး ၁၀၀၀ နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အလှူငွေများ လာရောက်လှူဒါန်းမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.