အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲခြေစစ်ပွဲ မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် လာအိုကလပ် Ezra အသင်း စက်တင်ဘာ ၁၁ ရက်နှင့် ၁၄ ရက်တို့တွင် ယှဉ်ပြိုင်မည်
ရန်ကုန် စက်တင်ဘာ ၉
၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်
ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်းတို့ စက်တင်ဘာ ၁၁ ရက်နှင့် ၁၄ ရက်တို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
လာအိုကလပ် Ezra အသင်းသည် အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်းမရှိသဖြင့်
နှစ်ကျော့စလုံးကို မြန်မာနိုင်ငံတွင်သာ ကျင်းပ မည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌
ညနေ ၆ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ခြေစစ်ပွဲတွင် အသင်းလေးသင်းပါဝင်ပြီး ရှမ်းယူနိုက်တက်(မြန်မာ)နှင့် Ezra (လာအို)၊ မနီလာဒီဂါ(ဖိလစ်ပိုင်)နှင့် ကာဆူကာ(ဘရူနိုင်း) အသင်းတို့ တွေ့ဆုံနေသည်။ ရှမ်းယူနိုက်တက်အသင်းသည်
အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် သုံးကြိမ် ဆက်တိုက် ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရပြီး
ပြီးခဲ့သည့်နှစ်ကြိမ်တွင် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခဲ့ရသည်။ လာအိုကလပ်
Ezra အသင်းသည် စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် AFC Challenge League ခြေစစ်ပွဲတွင်
မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် Ezra အသင်းသည်
ပြိုင်ပွဲနှစ်ခုဆက်တိုက် မြန်မာကလပ်များနှင့် တွေ့ဆုံခြင်းဖြစ်သည်။
အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်
အုပ်စုပွဲများကို ခုနစ်သင်း နှစ်အုပ်စုခွဲကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည်
ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု(B)တွင် ထိုင်းကလပ် Port
အသင်း၊ မလေးရှား ကလပ် ဂျိုဟိုးဒါရူးလ်အသင်း၊ စင်ကာပူကလပ်
Lion City Sailors အသင်း၊ ဗီယက်နမ်ကလပ် ကောင်အန်ဟနွိုင်းအသင်း၊ အင်ဒိုနီးရှားကလပ်
ပါဆစ်အသင်း၊ ကမ္ဘောဒီးယားကလပ် PKR
Svay Rieng အသင်းတို့နှင့်
ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မောင်ညီ
No comments