ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၀
တောင်ဥက္ကလာပမြို့နယ်
အမှတ်(၁၀)ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာအားကစားရုံ၌ ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ရခိုင်ရိုးရာကျင်ကိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ သင်္ဃန်းကျွန်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးဇော်မိုးထိုက်နှင့် မြန်မာနိုင်ငံကျင်နှင့် ရှီရွန် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဝါသုဒေဝ ရခိုင်စည်တော်အဖွဲ့၊
မင်းမော်မင်္ဂလာဆိုင်းတို့၏ တီးခတ်မှုနှင့်အတူ လေးဝတီရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့
အတွင်းရေးမှူး ဦးထွန်းခင်က ကျင်ခြင်းမင်္ဂလာရတု ရွတ်ဆိုခြင်း၊ လေးဝတီရခိုင်ယဉ်ကျေးမှုအဖွဲ့မှ ရခိုင်သမီးပျိုလေးများက မုနိမဟာဘဂဝါ
ဆီမီးအက၊ ဗျာလအကတို့ဖြင့် ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး
အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ရာ မြန်မာနိုင်ငံ ကာဗာတီအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းကိုဝင်းနှင့် မြန်မာနိုင်ငံကျင်နှင့်
ရှီရွန်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်အောင်တို့က လက်ခံရယူခဲ့သည်။
ဆက်လက်၍ မင်္ဂလာကျင်ပွဲဖွင့်ပွဲအဖြစ်
ရမ်းဗြဲမြို့နယ်ကိုယ်စားပြု ဦးညီညီအောင်နှင့် မြေပုံမြို့နယ် ကိုယ်စားပြု ဦးထွန်းရွှေအောင်တို့ ယှဉ်ပြိုင်ကစားကြရာ ဦးညီညီအောင်က
အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် ကျောက်ဖြူမြို့နယ် ကိုယ်စားပြုမောင်ခေတ်သစ်နှင့် ကျောက်ဖြူမြို့နယ်ကိုယ်စားပြု
မောင်ချမ်းမင်းသူတို့ ယှဉ်ပြိုင်ကစားကြရာ ပူးတွဲအနိုင်ရရှိခဲ့ကာ တတိယပွဲစဉ်အဖြစ် ကျောက်ဖြူမြို့နယ်ကိုယ်စားပြု
မောင်ထွန်းမောင်နှင့် ကျောက်ဖြူမြို့နယ်ကိုယ်စားပြု မောင်အောင်ဝင်းထွန်းတို့ ယှဉ်ပြိုင်ကစားကြရာ
ပူးတွဲအနိုင်ရရှိခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)

No comments