တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

 


နေပြည်တော် စက်တင်ဘာ ၂၁


တတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၏ ရှေ့မှောက်၌ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦးက ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်၌ လက်မှတ်ရေးထိုးကြသည်။


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၁ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၇ ဒသမ ၁၅ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့မဲဆန္ဒနယ်မြေအတွင်း၌ ရှိကြသည့် မဲဆန္ဒရှင်ပြည်သူများနှင့် ခဏတာ ပြန်လည်ထိတွေ့ခွင့်ရပြီး အခုကဲ့သို့ ကျန်းမာစွာဖြင့် လွှတ်တော်အစည်းအဝေးကို စုံစုံညီညီ ပြန်လည်တက်ရောက်လာသည်ကို မြင်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း။


မိမိတို့ တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ လုပ်ငန်းစဉ်အစကို ပြန်ကြည့်လျှင် ပထမအကြိမ် ပုံမှန်အစည်းအဝေးကာလသည် ခုနစ်ရက်ကြာမြင့်ပြီး ပြည်သူနှင့် ပြန်လည်ထိတွေ့ရသည့်ရက်သည် ၅၂ ရက်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကာလသည် ၃၂ ရက် ကြာမြင့်ပြီး ပြည်သူနှင့်ပြန်လည်ထိတွေ့ရသည့် ကာလသည် ၅၁ ရက် ဖြစ်ပါကြောင်း။


ထို့ကြောင့် မိမိတို့ပြည်သူ့လွှတ်တော်၏ တတိယအကြိမ်ကာလတွင် အလုပ်လုပ်ရက် ၃၉ ရက်ရှိခဲ့ပြီး လွှတ်တော်ရပ်နားထားစဉ် မဲဆန္ဒရှင်ပြည်သူများနှင့် ပြန်လည်ထိတွေ့ခွင့်ရသည့် ရက် ၁၀၃ ရက်ရှိပါကြောင်း။


လွှတ်တော်သက်တမ်းတစ်လျှောက် ဆောင်ရွက်ခဲ့သမျှကို အကျဉ်းချုံးပြန်လည်သုံးသပ်ကြည့်လျှင် လွှတ်တော်၏ အဓိကတာဝန်များဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်က နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ ခန့်အပ်ရေးတာဝန်များအပြင် အတည်ပြုခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်သူကိုယ်စားပြုလုပ်ငန်းစဉ်အနေဖြင့် အလုပ်လုပ်ရက်အတွင်း၌ ကြယ်ပွင့်ပြ/ ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၈၈၅ ခု မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုသုံးခုတင်ပြနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ စွမ်းရည်မြှင့်သင်တန်းများအဖြစ် ဥပဒေနှင့် ပြည်သူ့ငွေစာရင်းသင်တန်းနှစ်ကြိမ်၊ ဝန်ကြီးဌာနဆိုင်ရာ ဆွေးနွေးပွဲနှစ်ကြိမ်၊ Talk Show တစ်ကြိမ်၊ နည်းပညာနှင့် AI ဆိုင်ရာ အသိပညာပေးအစီအစဉ်နှစ်ကြိမ် စုစုပေါင်းခုနစ်ကြိမ် ပြီးခဲ့သည့်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။


ထို့ပြင် လွှတ်တော်၏ရေးရာကော်မတီ (၂၂) ခုသည်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြင်ပအဖွဲ့အစည်း/ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံညှိနှိုင်းခြင်း (၇၂) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် ပြည်သူများ၏ တင်ပြစာပေါင်း ၃ဝ၅ စောင်ကို လက်ခံရရှိပြီး ဖြေရှင်းမှု ၂၄၈ စောင်၊ လွှဲပြောင်းပေးမှုလေးစောင်၊ ကြားနာမှု ၁၁ စောင်၊ ကွင်းဆင်းစစ်ဆေးမှုတစ်ကြိမ်တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ဆဲတိုင်ကြားစာ ၄၁ စောင်ရှိပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေးပိုင်းကိုကြည့်လျှင် ပြီးခဲ့သည့်ကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတကာဖိုရမ်တက်ရောက်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲသို့ International observer team အနေဖြင့် သွားရောက်နေဆဲဖြစ်ပါကြောင်း။


လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော် (၂) ရပ်မှ ကိုယ်စားလှယ် ၃ဝ ကို အိန္ဒိယလွှတ်တော်လေ့လာရေးခရီးစဉ်စေလွှတ်ခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ် အာဆီယံလွှတ်တော်များဆိုင်ရာ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ ကိုယ်စားလှယ်ငါးဦး စေလွှတ်ခဲ့ပြီး တရုတ်-အာဆီယံတို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းများနှင့် ဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ သံအမတ်များ၊ သံတမန်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားအောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရာရပ်စ်ပါတီဥက္ကဋ္ဌတို့အား လက်ခံတွေ့ဆုံ ခြင်းများရှိခဲ့ပြီး Parliament to Parlia-ment ဆက်ဆံရေး၊ Parliament Friend-ship Group များဖွဲ့စည်းရေး၊ ကော်မတီချင်းဆက်ဆံရေးစသည်များကို ထိရောက်စွာ ဆွေးနွေးအမြင်ချင်းဖလှယ်နိုင်ခဲ့ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်နှင့် မိမိတို့ပြည်သူ့လွှတ်တော် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုးရေးမူကြမ်းများလည်း ပေးပို့ထားပြီးဖြစ်သည့်အတွက် လုပ်ငန်းအဆုံးသတ်နိုင်အောင် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်အနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း နိုင်ငံတကာဆက်ဆံရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း။


လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ရပ်နားထားစဉ်ကာလအတွင်း မိမိတို့မဲဆန္ဒနယ်မြေအတွင်း၌ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နားထောင်မှတ်သားခြင်း၊ ပြည်သူအကျိုးပြု၊ နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ခဲ့ခြင်း စသည်များကို ဒေသဆိုင်ရာမှတ်တမ်းများ၊ သတင်းများအရ တွေ့မြင်ကြားသိရသည့်အတွက်လည်း ကိုယ်စားလှယ်ကြီးများကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။


လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်သည် လွှတ်တော်အတွင်းသာမက မိမိကိုယ်စားပြုသည့် မဲဆန္ဒရှင်ပြည်သူများ၏အသံကို လွှတ်တော်ထဲသို့ ယူဆောင်ပေးရန် တာဝန်ရှိပါကြောင်း၊ လွှတ်တော်ထဲတွင် ပြည်သူ့ဆန္ဒများကို နိုင်ငံတော်၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် စဉ်းစားသုံးသပ်ပြီး မေးခွန်းများဖြင့် တင်ပြခြင်း၊ အဆိုများ ဆွေးနွေးတင်ပြခြင်း၊ ဖြေရှင်းရန် ကြိုးပမ်းခြင်း၊ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများထံ လွှဲပြောင်းတင်ပြခြင်း စသည်များကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။


ယနေ့မှစတင်သည့် လွှတ်တော်အစည်းအဝေးသည် ပြည်သူ့အသံကို နားထောင်သည့် လွှတ်တော်၊ ပြည်သူ့အရေးကို နိုင်ငံတော်၏ ပကတိအခြေအနေများနှင့်ဆက်စပ်ပြီး ညှိနှိုင်းတိုင်ပင်ဆွေးနွေးသည့် လွှတ်တော်၊ လိုအပ်ချက်များကို လက်တွေ့ကျကျ ညှိနှိုင်းအဖြေရှာပေးသည့် လွှတ်တော်အဖြစ် ပိုမိုပီပြင်စွာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။


ပြီးခဲ့သည့် ကာလများမှ အခြေအနေများကို အကျဉ်းချုပ် တင်ပြပြီးနောက် မိမိတို့လွှတ်တော်၏ ရှေ့ခရီးကိုလည်း အတိုချုပ်တင်ပြလိုပါကြောင်း၊ “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်မှန်းချက်လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့်အတိုင်း ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရန်အတွက် လွှတ်တော်ကဏ္ဍမြင့်မားတိုးတက်ရေး မဟာဗျူဟာ ငါးနှစ်စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်သည့်အတွက် တစ်ဆင့်ချင်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ ယခုအစည်းအဝေးကာလတွင် မေးမြန်းခြင်းမှသည် ဖြေရှင်းခြင်းသို့၊ ဆွေးနွေးခြင်းမှသည် ရလဒ်ဆီသို့ ဆိုသည့်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လွှတ်တော်၏ ဂုဏ်သိက္ခာသည် ကိုယ်စားလှယ်များ၏ စွမ်းရည်၊ ကြိုးပမ်းဆောင်ရွက်ချက်ဖြင့် တည်ဆောက်ရမည်ဆိုသည့် စကားကို အလေးအနက်ထားပေးကြပါရန် အကြံပြုလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနှင့် တတိယပုံမှန်အစည်းအဝေးကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ လှူဒါန်းခြင်းအား လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။


ထို့နောက် ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်း၏ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအတွက် ရုံးအဆောက်အအုံအသစ်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးသော ရုံးများ၊ ရုံးအင်္ဂါရပ်များနှင့် ညီညွတ်မှုမရှိသော အိုမင်းဟောင်းနွမ်းနေသည့် ဌာနပိုင်ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများအား အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် နှစ်စဉ်လျာထားတင်ပြတောင်းခံလျက်ရှိပါကြောင်း၊ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားတောင်းခံရာတွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရုံးအဆောက်အအုံများ၊ မန္တလေးငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် ရုံးများအား ဦးစားပေးလျာထား တောင်းခံခဲ့သဖြင့် ပေါက်ခေါင်း မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လျာထားတောင်းခံမှုတွင် မပါရှိခဲ့ပါကြောင်း။


၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ရုံးများ၊ ဌာနပိုင်ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးသော ရုံးများ၊ ရုံးအင်္ဂါရပ်များနှင့် ညီညွတ်မှုမရှိသော အိုမင်းဟောင်းနွမ်းနေသည့် ဌာနပိုင်ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများအား အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေး လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ် ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ စနစ်တကျဝင်ရောက်ခွင့်ကို (ယာယီ) ရပ်ဆိုင်းထားခြင်းအား ပြန်လည်ခွင့်ပြုပေးရန်အစီအစဉ်ရှိ မရှိ၊ မရှိပါက အဘယ်ကြောင့် နည်းနှင့်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသများသို့ ယခင်အတိုင်း နိုင်ငံခြားသားခရီးသွားများ စနစ်တကျဝင်ရောက်လည်ပတ်ခွင့်ကို ထိုင်းနိုင်ငံသားများအတွက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ တာချီလိတ်ခရိုင်အတွင်းသာ ခွင့်ပြုလျက်ရှိပါကြောင်းနှင့် ထိုင်းနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်၊ ဗီဇာဖြင့်လည်းကောင်း၊ တတိယနိုင်ငံသားများအား Package Tour ဖြင့်သာ ဝင်ထွက်ခွင့်ပြုလျက်ရှိသည့်အတွက် နိုင်ငံကူးလက်မှတ်၊ ဗီဇာအပြင် Package Tour သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိပါကလည်းကောင်း၊ တာချီလိတ်-ကျိုင်းတုံပြည်ထောင်စုလမ်းမကြီးအတိုင်း အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ပေါက် (မြဝတီနယ်စပ်ဂိတ်မပါ) များမှ ဝင်ထွက်ခွင့်ပြုလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။


ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်၏ ချောင်းဦးမြို့ပေါ် ရပ်ကွက် (၄) ခု ရေကြီး နစ်မြုပ်မှုမှ ကင်းလွတ်စေရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ချောင်းဦးမြို့ပေါ်တွင် ရေဝင်ရောက်လေ့ရှိသည့် မြို့၏ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မြို့သစ်ရပ်ကွက် တောင်ဘက်ခြမ်း ဘူတာရပ်အတွင်း ပေ ၁၅၀၀ မြေသားရေမြောင်း တူးဖော်ခြင်း၊ မြို့မရပ်ကွက် သိမ်တော်တံတားအနီး (မြို့လည်) ချောင်းသို့ စီးဆင်းသည့် ပေ ၁၀၀၀ ရေဆိုးထုတ်မြောင်းတူးဖော်ခြင်း၊ မြို့မရပ်ကွက် ရုံးပတ်လမ်း ပေ ၁ဝဝဝ ရေမြောင်းတူးဖော်ခြင်း စုစုပေါင်းအရှည်ပေ ၃၅၀၀၊ အကျယ် ၁၂ ပေ၊ အနက်(၈) ပေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။


ချောင်းဦးမြို့ မြို့မရပ်ကွက်၊ တမာမြိုင်ရပ်ကွက်နှင့် ချောင်းဦးတောင်ရပ်ကွက်တို့ ချိတ်ဆက်ပေးသော အရှေ့မအုပ်ရပ်ရေကျော်နေရာတွင် ငါးတန်ခံ အလျားပေ ၂ဝ၊ အကျယ် ၁၂ ပေ၊ အမြင့်ရှစ်ပေ ကွန်ကရစ်တံတား တစ်စင်းနှင့် တမာမြိုင်ရပ်ကွက်အတွင်း လက်ရှိကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် အလျား ၁၃ ပေ၊ အကျယ် ၁၃ ပေ၊ အမြင့် ရှစ်ပေရှိ တံတား၏ ချဉ်းကပ်ခုံနှစ်ဖက်လုံးမှာ ချောင်းအတွင်း တည်ဆောက်ထားသဖြင့် အဆိုပါနေရာတွင် လိုအပ်ချက်နှင့် ကိုက်ညီသော တံတားတစ်စင်းအား အစားထိုးတည်ဆောက်ပေးပါက မိုးရာသီကာလတွင် ချောင်းရေစီးဆင်းပါက သွားလာမှုလွယ်ကူချောမွေ့စေခြင်း၊ ရေစီးရေလာစနစ် ပိုမိုကောင်းမွန်မည်ဖြစ်သဖြင့် အဆိုပါလုပ်ငန်းနှစ်ခုအား ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


လပွတ္တာမဲဆန္ဒနယ်မှ ဦးဝင်းဆွေ (ခ) ဦးဝင်းရွှေ၏ လပွတ္တာမြို့နယ် မြို့မဈေးအား ဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကောင်စီဝင် ဦးခင်မောင်လတ်က လပွတ္တာမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ကောက်ခံရရှိသောအခွန်ငွေများဖြင့် မြို့သာယာလှပရေးနှင့် လမ်း၊ တံတားလုပ်ငန်း၊ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး စည်ပင်သာယာရေးအဖွဲ့မှ ဈေးသစ်ပြန်လည်တည်ဆောက်ရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် မြို့မဈေးဟောင်းကြီးအား ဈေးသူ/သားများက ၎င်းတို့ဆန္ဒနှင့်အညီ ခေတ်မီသောဈေးသစ်အဖြစ် အကျိုးတူရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီသို့မဟုတ် လုပ်ငန်းရှင်များရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


တမူးမဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်၏ တမူးမြို့ မြို့မအမှတ် (၂) ရပ်ကွက်၊ အ.မ.က-၂ (မူလွန်) ကျောင်းရှိ ကျောင်းဆောင်ဟောင်းအား မည်သည့်ကာလတွင် အသစ်ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က တမူးမြို့နယ် မြို့မအမှတ် (၂) ရပ်ကွက် ရှိ အမှတ် (၂) အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ကျောင်းဆောင်လေးဆောင်၊ စာသင်ခန်းကိုးခန်းရှိပြီး ကျောင်းသားနှင့် စာသင်ခန်းအချိုးအရ စာသင်ခန်း ရှစ်ခန်းထပ်မံလိုအပ်ရှိပါကြောင်း။


ကျောင်းသားဦးရေအရ လိုအပ်သော စာသင်ခန်းရှစ်ခန်းစာကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် အန္တရာယ်ဆောင်ဖြစ်သော ပေ (၁၂၀ x ၃၀) သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁) ထပ် ဆောင်အား ဖျက်သိမ်းပြီး ပေ (၁၄၀ x ၃၀) RCC နှစ်ထပ် ဆောက်လုပ်ရန်အတွက် လာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက် အ.ထ.က (ကျောင်းခွဲ) အမှတ် (၂) တွင် နှစ်ထပ်ကျောင်းဆောင်တစ်ခု တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရမ်ပူရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆောင် ငါးဆောင်၊ စာသင်ခန်း ၂၀ ဖြင့် နှစ်သုတ်တက်ကျောင်းအဖြစ် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် မြေနေရာလုံလောက်မှုအပေါ်မူတည်၍ စာသင်ခန်း ၁၂ ခန်းစာ ပေ (၁၄၀ x ၃၀) RCC (၃) ထပ်ဆောက်လုပ်ရန် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် ပြည်နယ်၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ကျော်ဌေး၏ ထားဝယ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ရှိ အဆောက်အအုံအား သုံးထပ်ဆောင်အသစ်အဖြစ် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ထားဝယ်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆောင်ရှစ်ဆောင်၊ စာသင်ခန်း ၃၇ ခန်းဖြင့် သင်ကြားသင်ယူလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပေ (၁၄၀x ၃၀) အုတ်ညှပ် နှစ်ထပ်ပိတောက်ဆောင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ၏ စိစစ်ထောက်ခံချက်အရ အန္တရာယ်ဆောင်ဖြစ်သဖြင့် အဆိုပါကျောင်းဆောင်အား ဖျက်သိမ်း၍ လိုအပ်သောစာသင်ခန်းအရ ဆောက်လုပ်ပေးရမည့် ကျောင်းဆောင်အားလာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


မတ္တရာမဲဆန္ဒနယ်မှ ဦးလှမြင့်၏ မတ္တရာမြို့နယ်တွင် ဆရာ ဆရာမ အင်အားပြည့်စုံလုံလောက်မှုမရှိပါ၍ ဆောလျင်စွာ ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၂၀၁ ကျောင်းရှိရာ ဖွင့်ကျောင်း ၁၆၁ ကျောင်းရှိပြီး အထက်တန်းဆင့်သင် ကျောင်းများတွင် ဆရာ ကျောင်းသားအချိုးအရ ဆရာပြည့်စုံလုံလောက်မှုရှိပါကြောင်း၊ အလယ်တန်း ဆင့်သင်ကျောင်းများတွင် လယ်ဆင့်သင် ဆရာလိုအပ်ချက်ရှိသော ကျောင်း (၉) ကျောင်းရှိပြီး ဆရာလိုအပ်ချက်အား B.A(Edu), B.Sc(Edu) သင်တန်းဆင်းများ ခန့်ထားချိန်တွင် သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သင်ကြားရေးဆရာ ဆရာမများ အပြောင်းအရွှေ့နှင့် ရာထူးတိုးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ဆန္ဒပြုလျှောက်ထားသူရှိပါက သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထားသွားမည်ဖြစ်ပါကြောင်း။


မူဆင့်သင် ဆရာလိုအပ်ချက်ရှိသော ကျောင်း ၁၂၃ ကျောင်းအနက် မူလတန်းဆင့်သင်ကျောင်း ၁၂၀ တွင် ဒေသခန့် ဆရာ ၁၈၈ ဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် Dip.EP သင်တန်းဆင်း မူဆင့်သင်ဆရာ ၂၅၅ ဦးအား ခန့်ထားပြီးဖြစ်ပါသဖြင့် ဆရာလိုအပ်ချက်မရှိပါကြောင်း၊ မူဆင့်သင်ဆရာခန့်ထားမှုမရှိသည့် လွန်တောင်း-အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ပြား-အခြေခံပညာအလယ်တန်းကျောင်းနှင့် ပတ်လည် အင်း-အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းများအတွက် ရပ်ရွာမှစေတနာ့ ဝန်ထမ်းရှစ်ဦး၊ ဒေသအခြေအနေအရ ယာယီပိတ်ထားသော ကျောင်းများမှ ဆရာ ဆရာမ ၁၃ ဦးအား ယာယီတွဲဖက် သင်ကြားစေခြင်းဖြင့် လတ်တလောသင်ကြားရေးအဆင်ပြေစေရန် ဆောင်ရွက်ထားပါကြောင်း၊ ဆရာလိုအပ်ချက်ရှိသော အဆိုပါကျောင်း သုံးကျောင်းအတွက် သင်ကြားရေး ဆရာ ဆရာမ အပြောင်းအရွှေ့လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ဆန္ဒပြုလျှောက်ထားသူရှိပါက သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


နတ်တလင်းမဲဆန္ဒနယ်မှ ဦးတင့်လွင်၏ နတ်တလင်းမြို့နယ်အတွင်းရှိ ရွာသာကုန်း-ဇီးပင်ကွင်း-ရှမ်းကုန်း-လက်ခုတ် ပင်ကျေးရွာချင်းဆက်လမ်း ပျက်စီးနေပါသဖြင့် ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရွာသာ ကုန်း - ဇီးပင်ကွင်း - ရှမ်းကုန်း - လက်ခုတ်ပင်သို့ ဆက်သွယ်ထားသော လမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ လမ်းအရှည် (၂) မိုင် (၇) ဖာလုံရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ကျန်ရှိသော အမာခံလမ်း (၁) မိုင်နှင့် မြေသားလမ်း (၆ ဒသမ ၇၆) ဖာလုံခန့်မှာ ပျက်စီးလျက်ရှိပါကြောင်း။


အဆိုပါလမ်းအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီးသော လမ်းပိုင်း (၁) မိုင် (၀ ဒသမ ၂၄) ဖာလုံမှ မြေနီကျောက်စရစ်ခင်းလုပ်ငန်း (၂) ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


မြောင်းမြမဲဆန္ဒနယ်မှ ဒေါ်မြင့်စန္ဒာအောင်၏ မြောင်းမြမြို့နယ် ရေကျော်ကျေးရွာအုပ်စုနှင့် လပွတ္တာမြို့နယ် ရေဆိုင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်သည့် ရေကျော်-ရေဆိုင်လမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက မြောင်းမြ-လပွတ္တာလမ်းမှ တူးမြောင်း-ရေကျော်လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုမှစီမံခန့်ခွဲသော အရှည် (၈) မိုင် (၁) ဖာလုံရှိ Class (C) အဆင့် မြေသားလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိအခြေအနေသည် (၂) မိုင် (၅) ဖာလုံမှာ လမ်းအကျယ် ပေ (၂ဝ)၊ (၃) မိုင်မှာ လမ်းအကျယ် (၁၅) ပေ၊ (၂) မိုင် (၄) ဖာလုံမှာ လမ်းအကျယ် (၁၂) ပေခန့်သာရှိပါကြောင်း။


ဌာနမှသတ်မှတ်ထားသော လမ်းအကျယ်ရရှိနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လမ်းကော်မတီများ၊ လယ်ယာမြေပိုင်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်သော လမ်းအကျယ်ရရှိပါက ရေလွှမ်းမိုးမှု မဖြစ်ပေါ်စေရေးအတွက် လိုအပ်သော လမ်းတာအမြင့်အား မြေပြင်ကွင်းဆင်းတိုင်းတာ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


ဝါးခယ်မမဲဆန္ဒနယ်မှ ဦးသန်းနိုင်၏ ဝါးခယ်မမြို့နယ်၌ သရွတ်သွတ်ချောင်းကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဝါးခယ်မမြို့နယ် သရွတ်သွတ်ချောင်းကူးတံတား တည်ဆောက်ရမည့်နေရာသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် မရှိပါကြောင်း၊ အဆိုပါချောင်းကူးတံတား တည်ဆောက်ရမည့် လျာထားနေရာတွင် မူလလမ်းနယ်နိမိတ်အကျယ်သည် ရှစ်ပေခန့်သာရှိပြီး လူနေအိမ်များနှင့် ကပ်လျက်ရှိနေပါကြောင်း၊ လိုအပ်သော လမ်းနယ်အကျယ်ရှိအောင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်း၍ရရှိလာသော ရလဒ်ပေါ်မူတည်ပြီး သတ်မှတ်လမ်းနယ်အကျယ်ရရှိအောင် ကနဦးဆောင်ရွက်ပြီးမှသာ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို စတင်ရမည်ဖြစ်ပါသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။


ဇီးကုန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းထွန်း၏ ဇီးကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ရွှေဘုံသာတံတားပျက်စီးနေမှုအား အသစ်တည်ဆောက်ရန် သို့မဟုတ် ပြုပြင်ရန်မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ဇီးကုန်း-သစ်မျှောကြီး ကျေးရွာချင်းဆက်လမ်းသည် တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး အဆိုပါလမ်းပေါ်ရှိ ရွှေဘုံသာတံတားသည် ပြည်ထောင်စုမှ ကြီးကြပ်ကွပ်ကဲသော တံတားဖြစ်ပါကြောင်း၊ ယခုအခါ ကမ်းကပ်ခုံ Pier တိုင်များနှင့် သံပေါင်ရက်မများမှာ ကောင်းမွန်နေပြီး သစ်သားကြမ်းခင်းနှင့် လက်ရန်းများမှာ ဆွေးမြည့်ပျက်စီးလျက်ရှိပါကြောင်း။


လက်ရှိ မြေပြင်အနေအထားအရ သစ်သားကြမ်းခင်းနှင့် လက်ရန်းတန်းများအား အသစ်လဲလှယ်ပြင်ဆင်၍ အသုံးပြုနိုင်မည်ဖြစ်ပါ​ကြောင်း၊ ပျဉ်းကတိုးသစ်များ အသုံးပြုပြီး အသစ်လဲလှယ် ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ်သန်း (၇၀) ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီ (ငွေလုံး ငွေရင်း) ရန်ပုံငွေဖြင့် ပထမဦးစားပေး လျာထားတင်ပြပေးမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-အိန္ဒိယ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-ကမ္ဘောဒီးယားနှင့် မြန်မာ-ထိုင်း လွှတ်တော်ချင်းချစ်ကြည် ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းကြောင်းနှင့် ယင်းအဖွဲ့များတွင် ပါဝင်သည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ အဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၏ အမည်စာရင်းများကို လွှတ်တော်သို့ အသိပေးတင်ပြပြီး အတည်ပြုချက်ရယူသည်။


ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” တို့ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့လာသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ” နှင့် စပ်လျဉ်း၍ ပြင်ဆင်သည့် အဆိုကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ ကြေညာသည်။


ယင်းနောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းအဖွဲ့

No comments

Powered by Blogger.