ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး ရေဘေးသင့် ကျွန်းတဲကျေးရွာနှင့် ဂျမ်းကုန်းကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် လိုက်လံကြည့်ရှု   

 



လေးမျက်နှာ စက်တင်ဘာ ၃၀


ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးသည် ငဝန်ပန်းတာမြစ်ကျိုးအင်းထူးပေါက်၍ မြစ်ရေ စီးဝင်သည့် နေရာကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ပိတ်ဆို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု ပြီး သဲဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။


ထို့နောက် လေးမျက်နှာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ရေဘေးသင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွက်  ရာသီအလိုက် သီးနှံများ ပြန်လည်စိုက်ပျိုးရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးလိုင်းများ ပြန်လည်စစ်ဆေး၍ အမြန်သွယ်တန်းနိုင်ရေးတို့ အပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆိုင်ရာများကို ညှိနှိုင်းပေါင်းစပ် ဆွေးနွေးသည်။


ယင်းနောက်   သခွတ်ချောင်းကျေးရွာအုပ်စု ကျွန်းတဲကျေးရွာသို့ သွားရောက်ကာ ရေဘေးသင့်  ကျေးရွာသူ ကျေးရွာသားတို့နှင့် တွေ့ဆုံပြီး ပြန်လည် တည်ဆောက်ပေးမည့် ကျွန်းတဲဗောတံတားနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက လှူဒါန်းသော တစ်ကိုယ်ရေကျန်းမာ ရေးသုံးပစ္စည်းအစုံ ၅၀၊ အခြေခံပညာမူလတန်းကျောင်းအတွက် ရေသန့်ကိရိယာ သုံးလုံး၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများအတွက် ငွေကျပ် ငါးသိန်းတို့ကို  ပေးအပ်လှူဒါန်းသည်။


ထို့နောက် ကျေးရွာအတွင်း ရေဘေးသင့်  အိမ်ခြေ  ၈၅ အိမ်အနက်  ပြိုကျပျက်စီးသွားသည့် အိမ်လေးအိမ်အပါအဝင် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ 


ထိုမှတစ်ဆင့် ဂျမ်းကုန်းကျေးရွာသို့ သွားရောက်ကာ ရေဘေးသင့်အိမ်ခြေ ၆၀ အနက် ရေစီးနှင့် မျောပါ ပျက်စီးသွားသော အိမ်လေးအိမ် ၊ သဲနုန်းများဖုံးလွှမ်း ပျက်စီးသွားသော အိမ်ခြောက်အိမ်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စာရင်းဇယားများ မှန်ကန်စွာ ကောက်ယူရေး၊ အမြန်ပြန်လည်ထူထောင်ပေးနိုင်ရေး၊ လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.