တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများရေဝင်ရောက်မှုနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ရေကျော်မှုဖြစ်ပွား

 



တနင်္သာရီ     စက်တင်ဘာ     ၃၀

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်း၍   တနင်္သာရီမြစ်ရေ သည် ယနေ့နံနက် ၉ နာရီ တိုင်းတာချက်အရ   မြစ်ရေ အမှတ်မှာ ၂၈ ပေ ၄ လက်မသို့ ရောက်ရှိနေပြီး စိုးရိမ် ရေအမှတ် ၁၇ ပေအထက်      ၁၁ ပေ ၄ လက်မနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေအထက်        လေးပေ လေးလက်မ ကျော်လွန်နေကြောင်း သိရသည်။

 

ကူညီကယ်ဆယ်ရေး ဆောင်ရွက်

 

တနင်္သာရီမြစ်ရေ    မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ရေဝင်ရောက်လျက်ရှိသည့်  နေရာများတွင်  နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမိုးမင်းဝင်း ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိလစ်ဝင်းကြီးကြပ်မှုဖြင့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ယာယီကယ်ဆယ်ရေးစခန်း ရှစ်ခုဖွင့်လှစ်ထားရှိကာ အိမ်ထောင်စု ၂၇၄စု လူဦးရေ    အမျိုးသား ၆၅၇ဦး၊ အမျိုးသမီး ၆၇၅ ဦး စုစုပေါင်း ၁၃၃၂  ဦး       ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်-တနင်္သာရီ-ထုံခါလမ်းပိုင်း ဆင်ခြေဖုံးကျေးရွာအုပ်စု လယ်တောင်ယာကျေးရွာအနီး   ဆင်ခြေဖုံးကျေးရွာ အုပ်စု  အော်ကြီးကျေးရွာအနီးနှင့်    အရှေ့မော်တုန်း ကျေးရွာအုပ်စု    ကော့မပြင်းကျေးရွာအနီးတို့တွင်  ကားလမ်းရေကျော်လျက်ရှိပြီး ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

 

ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်    ရေဝင်ရောက်လျက်ရှိသည့် အခြေခံပညာကျောင်း ၁၀ ကျောင်းကို ယာယီပိတ်ထားကြောင်း သိရသည်။

 

တာဝန်ရှိသူများအနေဖြင့် မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှု အခြေအနေများကို  ဆက်လက် စောင့်ကြည့်လျက်ရှိပြီး ရေဘေးအန္တရာယ်ဖြစ်ပေါ် လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထား ရှိကြောင်း သိရသည်။    

        

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.