စက်ရက်ကန်း၊ လက်ရက်ကန်းသင်တန်းများနှင့် စက်ပြင်သင်တန်းများ၊ စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
မုံရွာ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိစေရန်အတွက် စက်ရက်ကန်း၊ လက်ရက်ကန်းသင်တန်းများနှင့် စက်ပြင်သင်တန်းများ၊ စက်ချုပ် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးရာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီးက စက်ရက်ကန်း၊ လက် ရက်ကန်းများဖြင့် သင်တန်းသား သင်တန်းသူများအား အဝတ်အထည် အမျိုးမျိုး ရက်လုပ်သင်ကြားပေးနေမှုကို လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများ သင်တန်းများသို့ အခက်အခဲမရှိ တက်ရောက် သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကာ လိုအပ်သည်များ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ပေးသွားရေး၊ အဝတ်အထည်များ ဒီဇိုင်းများဆန်းသစ်စွာဖြင့် ရက်လုပ်သွားရေးတို့ကို မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ စက်ချုပ်သင်တန်း ခန်းမနှင့် သင်တန်းသား သင်တန်းသူများ ကိုယ်တိုင်ရက်လုပ်ထားသည့် အဝတ်အထည်အမျိုးမျိုးနှင့် အသုံးအဆောင် ပစ္စည်းများကို ကြည့်ရှုအားပေးသည်။
ထို့ပြင် မုံရွာပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments