အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်း အုပ်စု(A)၌ ကျရောက်
ရန်ကုန် စက်တင်ဘာ ၃
အာရှဘောလုံးအဖွဲ့ချုပ်က
ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၃ ရက်က မလေးရှားနိုင်ငံ၌ ပြုလုပ်ရာ
မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်းသည် အုပ်စု(A)တွင် ကျရောက်ခဲ့သည်။
အုပ်စုမဲခွဲမှုအရ အုပ်စု(A)တွင် နာဂိုရန် (မြောက်ကိုရီးယား)၊ INAc ကိုဘေး(ဂျပန်)၊ ဘန်ခါတွန်(အီရန်)၊ ဧရာဝတီ(မြန်မာ)၊ အုပ်စု(B)တွင် ဟွာချွန်(တောင်ကိုရီးယား)၊ ဟိုချီမင်းစီးတီး(ဗီယက်နမ်)၊
အရှေ့ ဘင်ဂေါ (အိန္ဒိယ)၊ 4.25 (မြောက်ကိုရီးယား)၊ အုပ်စု(C)တွင် မဲလ်ဘုန်းစီးတီး(သြစတြေးလျ)၊ ဘေဂျင်းကျန်တန်(တရုတ်)၊ ကာယာ(ဖိလစ်ပိုင်)၊ နာဆာ့ဖ်(ဥဇဘက်ကစ္စတန်)တို့ ပါဝင်နေသည်။
နောက်ဆုံးအဆင့်တွင်
အသင်းစုစုပေါင်း ၁၂ သင်း ပါဝင်ပြီး လေးသင်းသုံးအုပ်စုခွဲပြုလုပ်မည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၁ ရက်မှ
၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး နှစ်သင်းစီနှင့် တတိယနေရာရမည့် သုံးသင်းအနက် အကောင်းဆုံး နှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ်
တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စု(A)ပွဲစဉ်များကို မြန်မာနိုင်ငံ၊
အုပ်စု(B) ပွဲစဉ်များကို အိန္ဒိယ၊ အုပ်စု(C) ပွဲစဉ်များကို ဥဇဘက် ကစ္စတန်နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သည်။
ဧရာဝတီအသင်းသည် ခြေစစ်ပွဲအုပ်စုပွဲကိုလည်း
အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး တရုတ်(တိုင်ပေ)၊ စင်ကာပူနှင့် လက်ဘနွန်ကလပ်များကို သုံးပွဲစလုံးအနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်သော်

No comments