ဂျပန်နိုင်ငံ၌ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ စံချိန်တင်မြင့်တက်
စက်တင်ဘာ ၂၁
ဂျပန်နိုင်ငံတွင် စက်တင်ဘာလ ၁၅ ရက်နေ့အထိ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ ၃၆ ဒသမ ၂၄ သန်းခန့် ရှိလာရာ နိုင်ငံလူဦးရေ၏၂၉ ဒသမ ၆ ရာခိုင်နှုန်း အထိ ရောက်ရှိလာကြောင်း အစိုးရက ယမန်နေ့က ခန့်မှန်းဖော်ပြထားသည်။
သက်ကြီးရွယ်အိုဦးရေသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက လူဦးရေ ၂၀၀၀၀ ခန့် တိုးလာကာ အမျိုးသမီးအရေအတွက်သည် အမျိုးသားဦးရေထက် ပိုများပြီး အမျိုးသမီး ၂၀ ဒသမ ၅၄ သန်းခန့်နှင့် အမျိုးသား ၁၅ ဒသမ ၇၁ သန်းခန့် ရှိကြောင်း ဖော်ပြထားသည်။
အသက် ၇၀ နှစ်နှင့်အထက် ၂၉ ဒသမ ၁၁ သန်းခန့်၊ အသက် ၇၅ နှစ်နှင့်အထက် ၂၁ ဒသမ ၆၈ သန်းခန့်နှင့် အသက် ၈၀ နှစ်နှင့်အထက် ၁၂ ဒသမ ၈၈ သန်းခန့်ရှိသည်ဟု ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
၂၀၂၅ ခုနှစ်တွင် အသက် ၆၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နေသူ ၉ ဒသမ ၄၃ သန်းခန့် ရှိရာ ၂၂ နှစ်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ကိုင်သူစုစုပေါင်း၏ ၁၃ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိကာ စံချိန်တင် မြင့်မားသော ပမာဏလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။
သက်ကြီးရွယ်အို အလုပ်သမားအများဆုံးရှိသော လက်ကားနှင့် လက်လီရောင်းဝယ်ရေးကဏ္ဍတွင် လူဦးရေ ၁ ဒသမ ၃၁ သန်းခန့် ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ လူဦးရေအိုမင်းမှုသည် ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်းနှင့် ၂၀၄၀ ခုနှစ်တွင် အသက် ၆၅ နှစ်နှင့်အထက် လူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၃၄ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း အမျိုးသားလူဦးရေနှင့် လူမှုဖူလုံရေး သုတေသန အင်စတီကျု၏ ခန့်မှန်းချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments