နမ့်တွန်ကြိုးဝိုင်းတော ဖွဲ့စည်းခြင်း




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ရှမ်းပြည်နယ် လင်းခေးခရိုင် လင်းခေးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၂၅၂၀၀ ရှိသော နယ်မြေကို “နမ့်တွန်ကြိုးဝိုင်းတော” အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် (၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်) မှစ၍ ဖွဲ့စည်းလိုက်သည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒေသမျိုးရင်းသစ်မျိုးများနှင့် တိရစ္ဆာန်များ၏ မူရင်းဒေသ တိုးပွားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန်၊ ရေမြေထိန်းသိမ်းရန်၊ ရာသီဥတုကောင်းမွန်မျှတလာစေရန်နှင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ ကြိုးဝိုင်းတောကို ဖွဲ့စည်းခြင်းဖြစ်ပါသည်။


နမ့်တွန်ကြိုးဝိုင်းတောဖွဲ့စည်းခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသော ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ထောက်ကြံ့ စသည့်အဖိုးတန်သစ်မျိုးများနှင့် လက်ပံ၊ ဖန်ခါး၊ သစ်စေး၊ ဆီးဖြူ၊ ဘုံမဲဇာသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထာဝစဉ်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ခြင်း၊ တောကြောင်၊ ဂျီ(ချေ)၊ တောင်ဆိတ်၊ ယုန်၊ ဆတ်၊ မျောက် စသည့်တိရစ္ဆာန်များ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုကောင်းမွန်မျှတလာနိုင်ခြင်းနှင့် သဘာဝရေထွက်စိမ့်စမ်းများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

No comments

Powered by Blogger.