ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြက်ဥထုတ်လုပ်မှုဖူလုံစေရေး တိုးချဲ့မွေးမြူဆောင်ရွက်
ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြက်သားထုတ်လုပ်မှုဖူလုံပြီး
ကြက်ဥထုတ်လုပ်မှု ဖူလုံစေရန် တိုးချဲ့မွေးမြူမှုကို မွေးမြူရေး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း
ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
မြို့ပြဖွံ့ဖြိုးမှုကြောင့် တိုးပွားလာသော
လူဦးရေနှင့်အညီ စားရေရိက္ခာ ဖူလုံရေးအတွက် မွေးမြူရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်မှုအဖြစ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ညောင်နှစ်ပင်၊ တိုက်ကြီး၊ တွံတေးနှင့် ကော့မှူးမြို့နယ်များ၌
မွေးမြူရေးဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရာ မှော်ဘီနှင့် လှည်းကူးမြို့နယ်
ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်မှ ကြက်ဥနှင့် ကြက်သားကို အများဆုံးမွေးမြူထုတ်လုပ်လျက်ရှိသည်။
ထိုသို့မွေးမြူ ထုတ်လုပ်လျက်ရှိရာ မှော်ဘီမြို့နယ်
ချောကုန်းကျေးရွာနှင့် ဖူးကြီးကျေးရွာရှိ Crystal Diamond အသားစားနှင့် ဥစားကြက်မွေးမြူရေးခြံ၌
အလုပ်သမားဦးရေ ၄၀၀ ကျော်ဖြင့် ဥစား ကြက်ကောင်ရေ နှစ်သိန်းကျော်၊ အသားတိုး ကြက်ကောင်ရေ
ခုနစ်သိန်းခန့်ဖြင့် နေ့စဉ် ကြက်ဥ လုံးရေ ၁၈၀၀၀၀ ကျော်၊ ကြက်သား ပိဿာ ၂၀၀၀၀ ကျော် ထုတ်လုပ်၍
ရန်ကုန်မြို့ စားသုံးသူဈေးကွက်သို့ ဖြန့်ချိပေးလျက်ရှိပြီး အလားတူ မြို့နယ်ပေါင်း ၁၄
မြို့နယ်မှ ကြက်မွေးမြူရေးခြံများမှလည်း ကြက်ဥနှင့် ကြက်သားများကို ထုတ်လုပ်လျက်ရှိသည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ
ကြက်သား၊ ကြက်ဥ စားသုံးမှု လိုအပ်ချက်နဲ့အညီ တိုးချဲ့ မွေးမြူထုတ်လုပ်နေတာ ရှိပါတယ်။
မွေးမြူထုတ်လုပ်နေ သူတွေကိုလည်း ကျန်းမာရေးနဲ့အညီ စားသုံးနိုင်အောင် အစာကို ဂရုပြုကျွေးမွေးဖို့နဲ့
ကိုယ်တိုင်အစာထုတ်လုပ်တဲ့ မွေးမြူရေး လုပ်ငန်းတွေကလည်း ပြည်တွင်းထွက် ကုန်ကြမ်းတွေကိုပဲ
အသုံးပြုသွားဖို့ တိုက်တွန်းထားပါတယ်။ ဒါမှသာ အစာကောင်းရင် တိရစ္ဆာန်ကောင်းပြီး တိရစ္ဆာန်ကောင်းမှသာ
ထုတ်လုပ်မှုကောင်း စေတဲ့အတွက် စားသုံးတဲ့သူတွေ အနေနဲ့လည်း ကျန်းမာရေး ညီညွတ်စေမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ နေ့စဉ် ကြက်သားစားသုံးမှု ဖူလုံပေမယ့် ကြက်ဥစားသုံးမှု လိုအပ်နေသေးတဲ့အတွက်
ဥစားကြက်မွေးမြူရေးကို တိုးချဲ့မွေးမြူနိုင်ဖို့ မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်ဟန်က ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့်
ကြက်မွေးမြူရေးခြံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ မိုးအကုန်ဆောင်းအကူး၌ ဆောင်းခိုငှက်များ
လာရောက်ရာမှ ကြက်များထိခိုက်မှုမရှိစေရန် ဇီဝလုံခြုံမှုကို အထူးဂရုပြုနိုင်ရန်နှင့်
ခြံဖျန်းပိုးသတ်ဆေးများကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ပက်ဖျန်းပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်
ဥစားကြက်ခြံပေါင်း ၃၂၆ ခြံ၌ ဥစားကြက် ၂၉ သိန်းကျော်၊ အသားစားကြက်ခြံ ၁၂၈၂ ခြံ၌ အသားတိုးကြက်
၆၆ သိန်းကျော်၊ ဒေသကြက် ၂၃ သိန်းကျော်ဖြင့် စုစုပေါင်းကြက်ကောင်ရေ ၁၁၈ သိန်းကျော် မွေးမြူထားရှိပြီး
စားရေရိက္ခာဖူလုံမှုအဖြစ် ကြက်ဥနှင့် ကြက်သားများကို နေ့စဉ် ဖြန့်ဖြူးရောင်းချပေးနေကြောင်း
သိရသည်။
ဥသာ
ဓာတ်ပုံ - ကိုလွင်

No comments