လားရှိုးမြို့၌ ငွေကျပ် ၁၆၂၅ ဒသမ ၈၅ သိန်းတန်ဖိုး၊ သာစည်မြို့နယ်၌ ငွေကျပ် သိန်း ၂၀၀ တန်ဖိုး၊ ကလေးမြို့၌ ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုး၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၃၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

 


နေပြည်တော် စက်တင်ဘာ ၂၁

 

လားရှိုးမြို့၌ ငွေကျပ် ၁၆၂၅ ဒသမ ၈၅ သိန်းတန်ဖိုး၊ သာစည်မြို့နယ်၌ ငွေကျပ် သိန်း ၂၀၀ တန်ဖိုး၊ ကလေးမြို့၌ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုး၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၃၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် ည ၇ နာရီခွဲတွင် သတင်းအရ လားရှိုမြို့ ရပ်ကွက် (၁၂) နယ်မြေ(၇)နေ စိုင်းရွှေအောင်(ခ)စိုင်းလုံ (၆၄)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည်(ခ)အေးအောင် (၆၀)နှစ်အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ ၅ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် တစ်သိန်း)၊ စိတ်ပြောင်းဆေးဝါး HAPPY WATER ၂ ဒသမ ၉၀၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၃၀၇ ဒသမ ၂၅ သိန်း)၊ အိုက်စ် (မက်သ် အဖက်တမင်း) ၉၀၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၁၈၀)၊ အက်တက်စီဆေးပြား ၅၀၀ (တစ်ပြားလျှင်ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၂၅ သိန်း)၊ HAPPY WATER ပြုလုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၃၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၆ သိန်း)တို့ကို သိမ်းဆည်းရမိသဖြင့် စိုင်းရွှေအောင်(ခ)စိုင်းလုံနှင့် မနန်းအုန်းကြည် (ခ)အေးအောင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားသည်။

 

စက်တင်ဘာ ၁၉ ရက် ည ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ပဲခူးသို့ မောင်းနှင်လာသည့် YUTONG အမျိုးအစား ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ပင်လောင်းမြို့နယ် လူဖဲ့ချမ်းရွာနေ မမူစန်းအေး(၃၁)နှစ်ထံမှ စိတ်ကြွဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၀၀) သိမ်းဆည်းရမိသဖြင့် မမူစန်းအေးအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

 

အလားတူ စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ(၂)နေ မညန်ရှန်းဝုန် (ခ)ဝုန်ပီး(ခ)ချင်းမ(၃၇)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၉ ဘီလီယံ)အား သိမ်းဆည်းရမိသဖြင့် မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ထို့အတူ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးညှင်းမြို့နယ် နန့်စီးအောင်ရွာအနီးတွင် တန့်ဆည်မြို့နယ် ချစ်လည်ရွာနေ ကျော်လင်း(၅၃)နှစ် မောင်းနှင်လာသော MAZDA အမျိုးအစား ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဘိန်းစိမ်း ၂၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၁၂ သိန်း) သိမ်းဆည်း ရမိသဖြင့် ကျော်လင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.